ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား
မီဒီယာတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်ဆိုပြီး ယခင်က အခြေအနေတစ်ခုကို ပြန်ပြောင်း ပြောနေတဲ့ ရုပ်သံဖိုင်ကို ဖြတ်ညှပ်ကပ်လုပ်ပြီး လတ်တလော လွတ်မြောက်လာတဲ့ပုံစံ လုပ်ကြံပြောဆိုထားတဲ့ ဗီဒီယိုဖိုင်အတုတစ်ခုကို ဖေစ့်ဘွတ်ပေါ်မှာ လူအများအပြား ပြန်လည်ဖြန့်ဝေနေကြပါတယ်။

ဒီအကြောင်းအရာကို Ko Naing Gyi ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၁၀ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ပိုစ့်တင်ပြီး ၇ နာရီ အချိန်အတောအတွင်း ထပ်ဆင့်ဖြန့်ဝေမှု ၇ ထောင်နီးပါး ရှိနေပြီး ပိုစ့်အောက်မှာ မှတ်ချက်ပေါင်းလည်း ၆ ထောင်နီးပါး ရှိနေပါတယ်။
ဖြန့်ဝေရာမှာ မီဒီယာတစ်ခုရဲ့ ရုပ်သံဖိုင်ကို ဖြတ်တောက်ထားတဲ့ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ 'အမေစုလွတ်လာပြီးတဲ့အမျိုးတို့ရေ' လို့ ရေးသားထားပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ 'အမျိုးတို့ရေ သတင်းကောင်။ အမေစုလွတ်မြောက်လာပြီလို့ ကြားတယ်ပေါ့။ အမေစုလွတ်ပြီလို့ ကြားပါတယ်ခင်ဗျာ' လို့ ပြောဆိုထားပါတယ်။
သူ့ရဲ့ ဗီဒီယိုထဲမှာ ထပ်မံဖွင့်ပြတဲ့ မီဒီယာ ရုပ်သံဖိုင်မှာတော့ TM Media က သတင်းတင်ဆက်သူ ဦးသိန်းမြတ်က 'ဒေါ်အောင်ဆန်းစုကြည် လွတ်လာပါတယ်။ အမေရိကန် အိမ်ဖြူတော်ကနေ အထူးကိုယ်စားလှယ်အဖွဲ့ လေယာဉ်ပျံနဲ့ ရောက်လာပါတယ်။ အဲ့ဒီရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့က မိုက်ကယ်ဗန့်စ် ဆိုတဲ့သူလည်း ပါလာပါတယ်။ ရာထူးအတိအကျကို ပြောရရင်တော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးပါ။ သူက ဗိုလ်မင်းအောင်လှိုင်နဲ့ ဆွေးနွေးပါတယ်' ဆိုပြီး ကျန်တာတွေ ဆက်ဖွင့်ပြသွားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မီဒီယာမှာ တင်ဆက်ထားတဲ့ သတင်းကို ဖြတ်ညှပ်ကပ်လုပ်ကာ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
ဒီဖြန့်ဝေမှုထဲက မူရင်ဗီဒီယိုဖိုက်ကို TM Media ရဲ့ Youtube ချန်နယ်မှာ အောက်တိုဘာ ၉ ရက်နေ့က 'မြေရှားက စကားပြောလာသောအခါ၊ အမေရိကန်ကစစ်ကောင်စီနဲ့ပေါင်းတော့မှာလား' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ကြာချိန် ၂၃ မိနစ်နီးပါးရှိတဲ့ TM Media ရဲ့ ရုပ်သံဖိုင်ကို ကူးယူပြီး ဖြတ်တောက်ကာ သတင်းမှားအဖြစ် ဖန်တီးထားတာပါ။
မူရင်းရုပ်သံဖိုင်ရဲ့ အချိန် ၁ မိနစ်နဲ့ ၃၀ စက္ကန့်နေရာမှာ TM Media က သတင်းတင်ဆက်သူ ဦးသိန်းမြတ်က ယခင် စစ်အာဏာရှင်သန်းရွှေ အာဏာလုယူထားချိန် ၂၀၀၉ ခုနှစ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြတဲ့ နေရာက အကြောင်းအရာကို ဖြတ်တောက်ထားတာပါ။
မူရင်းရုပ်သံဖိုင်ထဲမှာ '၂၀၀၉ ခုနှစ်မှာ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကို ရေကူးပြီး ဝင်သွားပါတယ်။ ဒါကိုအကြောင်းပြပြီး စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကနေ အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ ဂျွန်ယက်တောကို ကယ်ထုတ်ဖို့အတွက် အမေရိကန် စိနိတ်တာဂျင်မ်ဝက် မြန်မာနိုင်ငံကို ရောက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဂျွန်ယက်တော ပြန်ပါသွားပါတယ်။ အဲ့ဒီနောက် သိပ်မကြာခင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ၂၀၁၂ ခုနှစ်မှာ ရွေးကောက်ပွဲ လမ်းကြောင်းပေါ် ပြန်ရောက်သွားပါတယ်။ အခုတစ်ကြိမ်မှာတော့ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ကတ်စတီနို အဖမ်းခံထားရပါတယ်။ အမေရိကန် အိမ်ဖြူတော်ကနေ အထူးကိုယ်စားလှယ်အဖွဲ့ လေယာဉ်ပျံနဲ့ ရောက်လာပါတယ်။ အဲ့ဒီရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့က မိုက်ကယ်ဗန့်စ် ဆိုတဲ့သူလည်း ပါလာပါတယ်' လို့ တင်ဆက်ထားပါတယ်။
မူရင်းရုပ်သံဖိုင်ကို နားထောင်ကြည့်ရင် အခုလုပ်ကြံဖန်တီးထားတဲ့ သတင်းမှားကို သိနိုင်ပါတယ်။
TM Media မှာ ဖော်ပြထားတဲ့ မူရင်းရုပ်သံဖိုင်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းမှားတွေသာ ဖြစ်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ (သို့မဟုတ်) သူတို့ရဲ့ ဖေစ့်ဘွတ်ပေချ့်တွေ engagement တက်စေဖို့ တမင် ရည်ရွယ်ပြီး လုပ်ကြံဖန်တီး ရေးသားထားတာသာ ဖြစ်ပါတယ်။



