ပြင်သစ်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဝက်တွေအသုံးပြု နှိမ်နင်းတယ်ဆိုတဲ့ သတင်းအမှား
ပြင်သစ်နိုင်ငံတဝန်း ပျံ့နှံ့ဖြစ်ပွားလာတဲ့ ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဝက်တွေ အသုံးပြုပြီး နှိမ်နင်းတယ်ဆိုပြီး လုပ်ကြံရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို 'အည တရ လုလင္ပ်ဳိ' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မှာ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့မှ ဝက်များ အသုံးပြု နှိမ်နင်း' လို့ ရေးသားထားပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ ဆန္ဒပြသူတွေရှေ့မှာ ဝက်တွေကို ကြိုးနဲ့ဆွဲပြီး ရပ်နေတဲ့ ရဲတပ်ဖွဲ့တွေဝင်ရဲ့ လှုပ်ရှားမှု ရုပ်ပုံတွေကို တွေ့ရပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ပြင်သစ်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဝက်တွေအသုံးပြု နှိမ်နင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီဗီဒီယိုဖိုင်ကို Out Story India ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ 'Pig Sqaud deployed in Paris' လို့ ရေးသားကာ အောက်တိုဘာလ ၂၄ ရက်က စတင်ဖြန့်ဝေထားတာကို တွေ့ရပါတယ်။
ဒီ Out Story India ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ အိန္ဒိယနိုင်ငံတွင်းက ဘာသာရေး၊ နိုင်ငံရေး အကြောင်းအရာတွေကို လှောင်ပြောင် သရော်တဲ့ ရေးသားမှုတွေ မကြာခနပြုလုပ်နေတဲ့ ပေချ့်ဖြစ်တာ တွေ့ရပါတယ်။
အခု ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲက ပုံရိပ်တွေကိုလည်း AI နဲ့ ဖန်တီးပြီး လှောင်ပြောင်ရေးသားဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။
Out Story India ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒီလို ပြင်သစ်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဝက်တွေအသုံးပြု နှိမ်နင်းတယ်ဆိုတဲ့အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိသလို လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေဘက်ကလည်း ပြန်လည်ပြောဆိုထားတာမျိုး မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြင်သစ်နိုင်ငံတဝန်း မြို့ပေါင်း ၂၀၀ ကျော်မှာ လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာဖြစ်ပြီး လူနေမှုစရိတ် မြင့်တက်လာတာ၊ လုပ်ခလစာ မလုံလောက်တာနဲ့ အများပြည်သူဝန်ဆောင်မှုကဏ္ဍတွေမှာ ရန်ပုံငွေလျှော့ချတာတွေကို ပြည်သူတွေက ဆန့်ကျင်နေကြတာပါ။ ပြီးခဲ့တဲ့ လကစတင်ပြီး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝန်း ကျယ်ပြန့်လာပြီး ဆန္ဒပြသူ ၅၇၅,၀၀၀ ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အလုပ်သမားသမဂ္ဂကတော့ ဆန္ဒပြသူ ၁ ဒသမ ၆ သန်းအထိ ရှိတယ်လို့ ခန့်မှန်းပါတယ်။



