ထိုင်းနဲ့ မြန်မာစစ်တပ် နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေပြီဆိုတဲ့ သတင်းအမှား
ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် နယ်စပ်မှာ အကြီးအကျယ် တိုက်ခိုက်နေကြတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Burmese Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းစစ်တပ်နဲ့ မြန်မာစစ်ခွေး အကြီးကျယ် တိုက်နေကြပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ထိုင်းနဲ့ မြန်မာစစ်တပ် နယ်စပ်မှာ တိုက်ခိုက်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media မှာ ဖေဖေါ်ဝါရီ ၁၅ ရက်က ဖော်ပြထားတဲ့ 'ထိုင်း-မြန်မာနယ်စပ် ဘုတ်ပြင်းမြို့နယ်၊ စစ်တပ်နယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ထိုင်း-မြန်မာနယ်စပ် ၊ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူ နယ်ခြားစောင့်တပ်စခန်းမှ စစ်တပ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၁ဝနာရီ ၄၅မိနစ်ဝန်းကျင်မှ တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာမြှင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူများလည်း ရှိကြောင်းနဲ့ ဘုတ်ပြင်းမြို့နယ် ပကဖ ရဲဘော် ၁ ဦးကျဆုံးခဲ့ကာ ကျဆုံး ရဲဘော်အား ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေဘက်ကလည်း ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



