စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒဏ်ရာအပြင်းအထန် ရထားတယ်ဆိုတဲ့ သတင်းအမှား
မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရမှုအပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒဏ်ရာရပြီး ပြည်ပအထိ ဆေးသွားရောက် ကုသနေရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Lin Naing ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ AI နဲ့ ဖန်တီးထားတဲ့ ဆေးရုံကုတင်ပေါ်က ဒဏ်ရာတွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုံနဲ့အတူ 'ပညာရှင်များကြည့်ကြပါအူး။ Ai လား အမှန်လား။ လတ်တလော မြန်မာပြည်ကဆေးကုသမှုနဲ့ မနိုင်လို့ နိုင်ငံခြားသွားကုရမယ်လို့.သတင်းကြားနေရ။ ခေါပဏီလဲထိထားတာပါတယ်လို့ပြောတယ်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒဏ်ရာအပြင်းအထန် ရထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်အစောပိုင်းမှာ Brave Warriors for Myanmar (BWM) အဖွဲ့နဲ့ အခြားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတယ်လို့ ယူဆရတဲ့ မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ BWM က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၇ ရက် နေ့လည်ပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒီတိုက်ခိုက်မှုအတွင်း တိုင်းမှူး နေအိမ်ကို ထိမှန်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ဇန်နဝါရီ ၂၈ နေ့ ထပ်မံထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဗိုလ်မှူးချုပ် ရာထူးအဆင့်ထက်မနိမ့်သူ တစ်ဦးအပါအဝင် အရာအရှိအချို့ ထိခိုက်ဒဏ်ရာရပြီး ပြင်ဦးလွင် စစ်ဆေးရုံကို ပို့ထားရကြောင်းနဲ့ စစ်ခေါင်းဆောင် ကိုယ်တိုင်လည်း စိတ် (သို့)ကိုယ် ထိခိုက်ထားတဲ့အတွက် လူမြင်ကွင်းကနေ ပျောက်နေတယ်ဆိုပြီး ရေးသားထားပါတယ်။
ဒါပေမယ့် ဒီအချက်အလက်တွေဟာ ထင်မြင်ယူဆထားချက်တွေသာ ဖြစ်ပြီး ထုတ်ပြန်ချက်မှာ ကတည်းက တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံကို AI နဲ့ ပြုပြင်ပြီး အများပြည်သူကို မျှော်လင့်ချက် အမှားတွေ ပေးနေတဲ့ သတင်းမှား တစ်ခုသာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်ပမှာ ဆေးထွက်ကုရလောက်တဲ့အထိ အပြင်းအထန် ဒဏ်ရာရတယ်ဆိုတဲ့ အကြောင်း Boom Myanmar အနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။



