ထိုင်းနိုင်ငံထဲ နယ်ကျော်တဲ့ စစ်ကောင်စီတိုက်လေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား
လေပိုင်နက် ကျော်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်ကို ထိုင်းစစ်တပ်က ပစ်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MN cele ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နယိပိုင်နက်ကျော်မူနဲ့ မအလ တိုက်လေယာဥ် ထိုင်းစစ်တပ်မှ ပစ်ချ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ထိုင်းနိုင်ငံထဲ နယ်ကျော်တဲ့ စစ်ကောင်စီတိုက်လေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ လေပိုင်နက် ကျော်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်ကို ထိုင်းစစ်တပ်က ပစ်ချလိုက်တဲ့ သတင်းကို ဒေသခံတွေနဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြထားတယ်ဆိုပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပက်သတ်ပြီး ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေ ပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



