ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်အကူအညီနဲ့ စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှား
အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်အကူအညီနဲ့ စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ The Daily Lens ဆိုတဲ့ Youtube ချန်နယ်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တစ်နိုင်ငံလုံး လန့်ကုန်တဲ့ MRTV ရဲ့ ကြေငြာချက်။ သွားပါပြီဟာ။ AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တရုတ် အကူအညီနဲ့ ဖမ်းနိုင်ပြီဟု ကြေငြာ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်အကူအညီနဲ့ စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အချက်အလက် အကိုးအကားမရှိတဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာ ဖြစ်ပြီး အွန်လိုင်းပေါ်က ပိုက်ဆံရှာဖွေနေတာသာ ဖြစ်ပါတယ်။
ဒီဖြန့်ဝေနေတဲ့ အကြောင်းအရာကို အာရက္ခတပ်တော် AA ရဲ့ သတင်းဖြန့်ဝေရေး ချန်နယ်တွေမှာ ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



