ရန်ကုန်လေဆိပ် တိုက်ခိုက်ခံရမှု ပြည်သူအချို့ ထိခိုက်သေဆုံးတယ်ဆိုတဲ့ သတင်းအမှား
ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်မှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်္ဂလာဒုံလေဆိပ် မီးပွင့်နေပြီ။ ပြည်သူအချို့ ထိခိုက်သေဆုံးပူရှိ။ ရန်ကုန် မင်္ဂလာဒုံလေဆိပ် ဒရုန်းရော၊လက်နက်ကြီးရော အထုခံရပြီ၊ လေဆိပ်တစ်ခုလုံး အမှောင်ကျ၊ပြည်သူအချို့ သေဆုံးမူရှိ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်လေဆိပ် တိုက်ခိုက်ခံရမှု ပြည်သူအချို့ ထိခိုက်သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ DVB သတင်းဌာနမှာ ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်နေ့က ဖော်ပြထားတဲ့ 'မင်္ဂလာဒုံလေတပ်စခန်း ရှော့ခ်တိုက်ဒုံးပစ်ခံရသဖြင့် ထိခိုက်ဒဏ်ရာရသူများရှိ လုံခြုံရေးတင်းကျပ်' ဆိုတဲ့ သတင်းဟောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ် တိုက်ခိုက်ခံရတဲ့အကြောင်း သက်ဆိုင်ရာ မည်သည့် အဖွဲ့အစည်းကမှ ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
DVB သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သတင်းဟောင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



