တရုတ်ဓာတ်ငွေ့ပိုက်လိုင်း AA ဖောက်ခွဲဖျက်ဆီးတယ်ဆိုတဲ့ သတင်းအမှား
မြန်မာနိုင်ငံကို ဖြတ်ပြီး ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဖောက်လုပ်ထားတဲ့ တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို အာရက္ခတပ်တော် AA က ဖောက်ခွဲဖျက်ဆီးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Burmese Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်ဓာတ်ငွေ့ပိုက်လိုင်း အေအေ ဖောက်ခွဲ တရုတ်စစ်တပ်(၆၀)သေဆုံး' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း AA ဖောက်ခွဲဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကို AA က မကြာသေးမီက ဖောက်ခွဲဖျက်ဆီးခဲ့တယ်ဆိုပြီး အတည်ပြုချက် ရယူထားမှု မရှိတဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာသာ ဖြစ်ပါတယ်။
တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကို AA ဖောက်ခွဲဖျက်ဆီးခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို အာရက္ခတပ်တော် AA အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တွေဆီက ထုတ်ဖော်ပြောဆိုထားတာမျိုး မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ရှိတဲ့ တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက် လည်ပတ်ခဲ့တာ ဆယ့်သုံးနှစ်နီးပါး ရှိလာပြီဖြစ်ပြီး ဒီသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



