စစ်တပ်က NUG ရုံးချုပ် ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေါက်တာ ဇော်ဝေစိုးသေဆုံးတယ်ဆိုတဲ့ သတင်းအမှား
စစ်တပ်က NUG ရုံးချုပ် ကို လေယာဉ် (၈) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်အတွင်း NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး သေဆုံးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ The Daily Lens ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒီတိုင်းဆို တော်လှန်ရေး ရှုံးပြီဟာ။ NUG သမ္မတ ကို အရှင် ဖမ်းပြီး NUG ရုံးချုပ် ကို လေယာဉ်(၈)စီး နဲ့ ဗုံးကြဲလို ဇော်ဝေစိုး သေပါပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်တပ်က NUG ရုံးချုပ် ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေါက်တာ ဇော်ဝေစိုးသေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ People's Spring သတင်းဌာနမှာ မတ်လ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ 'ကနီမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်တပ်က စစ်ကိုင်းတိုင်း ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို မတ်လ ၂၁ ရက် နေ့လည်ပိုင်းက ဂျက်ဖိုက်တာ ၇ စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှုရှိကြောင်း၊ သံဃာတော်နဲ့အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း၊ စစ်တပ်က မတ်လ ၁၅ရက်ကနေ မတ်လ ၂၁ရက် မွန်းလွဲပိုပိုင်းအချိန်အထိ စစ်ကိုင်းတိုင်းထဲက ကျွန်းလှ၊ ကသာ၊ ကနီမြို့တွေကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှုတွေရှိနေကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်တပ်က NUG ရုံးချုပ် ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေါက်တာ ဇော်ဝေစိုးသေဆုံးတယ်ဆိုတဲ့အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



