ကျားဖြန့်ဂိုဏ်းတွေ အမေရိကန်ဝင်စီးပြီး စောချစ်သူကို အသေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား
ကရင်ပြည် နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို အမေရိကန်က ရုတ်တရက် ဝင်ရောက်စီးနင်းစဉ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို အသေဖမ်းဆီးမိတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကြားဖြန့်ဆိုက်တွေ အမေရိကန် ဝင်စီးနေ။ စောချစ်သူ တွေ အသေဖမ်းဆီးမိဟု သတင်းထွက်နေ။ ကြားဖြန့်ကိုင်းတွေ အမေရိကန် ရုတ်တရက် ဝင်ပစ်။ မင်းအောင်လှိုင် စစ်တပ် အများအပြား ဖမ်းဆီးခံရ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ကျားဖြန့်ဂိုဏ်းတွေ အမေရိကန် ဝင်စီးပြီး စောချစ်သူ အသေဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ People's Spring သတင်းဌာနမှာ မတ်လ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ 'KNA ထိပ်ပိုင်းခေါင်းဆောင်တွေသုံးနေတဲ့ စတားလင့်ခ်အင်တာနက်ကိုပိတ်သိမ်းခိုင်း' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ကရင်နယ့်ခြားစောင့်တပ် (BGF )ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်( KNA )ထိန်းချုပ်တဲ့ ရွှေကုက္ကိုမြို့သစ်မှာ စောချစ်သူက သူ့ နေအိမ်နဲ့ မိသားစုဝင်ရဲ့ နေအိမ်တွေအပြင် KNA ထိပ်ပိုင်းခေါင်းဆောင်တွေ၊ မိသားစုဝင်နေအိမ်တွေမှာ တပ်ဆင်ထားတဲ့ ဂြိုဟ်တုအင်တာနက် စတားလင့်ခ် ကို မတ်လ ၈ ရက်ကစတင်ပြီးပိတ်သိမ်းခိုင်းလိုက်ကြောင်း၊ ဒါဟာ အမေရိကန် ထောက်လှမ်းရေးဗျုရို (FBI) က အရှေ့တောင်အာရှက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာပြောဆိုမှုအပြီးမှာမှ စောချစ်သူက စတားလင့်ခ်အင်တာနက်တွေကို ပိတ်သိမ်းခိုင်းတာနဲ့ တိုက်ဆိုင်နေကြောင်း၊ ရွှေကုက္ကိုလ်မြို့သစ်ကစောချစ်သူရဲ့ နေအိမ်တွေ၊ သူ့ရဲ့ သားသမီးတွေဖြစ်တဲ့ စောထူးအယ်မူး၊ စောချစ်ချစ်၊ နန်းနင်းနန္ဒာအေးတို့ရဲ့နေအိမ်တွေ၊ ဆိုင်တွေအပြင် KNA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နေအိမ်တွေ၊ သူတို့ရဲ့ မိသားစုဝင်နေအိမ်တွေမှာရှိတဲ့ စတားလင့်ခ်အင်တာနက်တွေကို မတ်လ ၈ ရက် ညပိုင်းက စတင်ပြီး ပိတ်ထားခိုင်းလိုက်ကြောင်းတွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ကျားဖြန့်ဂိုဏ်းတွေ အမေရိကန် ဝင်စီးပြီး စောချစ်သူ အသေဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



