အီရန်ကို စစ်ကူအနေနဲ့ မြန်မာက ရေငုပ်သင်္ဘော စေလွှတ်တယ်ဆိုတဲ့ သတင်းအမှား
လက်ရှိ အမေရိကန်- အစ္စရေးတို့နဲ့ စစ်ဖြစ်ပွားနေတဲ့ အီရန်ကို စစ်ကူပေးဖို့ မြန်မာနိုင်ငံက လေယာဥ်တင် သင်္ဘောကြီးတစ်စီးနဲ့ ရေငုပ်သင်္ဘောတစ်စီး စေလွှတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Rakhine Star ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ မြန်မာနိုင်ငံအလံ လွှင့်ထူထားတဲ့ လေယာဉ်တင်သင်္ဘော ဓာတ်ပုံနဲ့အတူ 'အီရန်ကို စ-စ်ကူပေးဖို့ မြန်မာနိုင်ငံမှ လေယာဥ်တင်သင်္ဘောကြီးတစ်စီးနှင့် ရေငုပ်သင်္ဘောတစ်စီး ဧရာဝတီမြစ်မှ စတင်ထွက်ခွါ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အီရန်ကို စစ်ကူအနေနဲ့ မြန်မာက ရေငုပ်သင်္ဘော စေလွှတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ပိုင် လေယာဉ်တင်သင်္ဘော တစ်စီးမှ မရှိသလို စစ်ကောင်စီမှာလည်း ဒီလို စစ်ကူပေးနိုင်လောက်တဲ့ အင်အားမျိုး မရှိပါဘူး။
ဒါ့အပြင် အီရန်ကို စစ်ကူအနေနဲ့ မြန်မာက ရေငုပ်သင်္ဘော စေလွှတ်တယ်ဆိုတဲ့ အကြောင်းအရာကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
လက်ရှိ ဖေစ့်ဘွတ်ပေါ်မှာ နောက်ပြောင်သလိုလို၊ အတည်ပေါက်ရေးသလိုလိုနဲ့ နိုင်ငံရေး၊ စစ်ရေးအကြောင်းတွေကို ရေးသားကာ RCS (React, Comment and Share) နဲ့ ပိုက်ဆံရှာနေသူတွေ များပြားလာပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



