အမေရိကန် ရေတပ်ဗိုလ်ကြီး ၅ ဦးနဲ့ စစ်သားတွေကို အီရန်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား
အီရန်ရဲ့ ရေပိုင်နက်ထဲ ဝင်သွားခဲ့တဲ့ အမေရိကန်ရေတပ်က ဗိုလ်ကြီး ၅ ဦးနဲ့ စစ်သား ၃၅ ယောက်ကို အီရန်စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို အီရန် စစ်ပွဲနဲ့ ပတ်သက်ပြီး သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Anwar Kyaw Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ မတ်လ ၇ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ သင်္ဘောတစ်စီးပေါ်မှာ အမေရိကန် အရာရှိ တချို့နဲ့ စစ်ယူနီဖောင်းဝတ် စစ်သားအချို့ ခေါင်းပေါ် လက်တင်ပြီး မြှောက်ထားမှုကို လက်နက်ကိုင်ဆောင်ထားတဲ့ အီရန်စစ်သားလို့ ယူဆရသူတစ်ဦးက ဘေးမှာ မတ်တပ်ရပ်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ 'အီရန်ရဲ့ ရေတပ်နယ်မြေထဲ ဝင်သွားခဲ့တာကြောင့် အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ၅ ဦးနှင့် စစ်သား ၃၅ ဦးကို အီရန်စစ်သားများကဖမ်းဆီးရမိ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန် ရေတပ်ဗိုလ်ကြီး ၅ ဦးနဲ့ စစ်သားတွေကို အီရန်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
လက်ရှိအချိန်အထိ အမေရိကန်ရေတပ်က ဗိုလ်ကြီး ၅ ဦးနဲ့ စစ်သား ၃၅ ယောက်ကို အီရန်စစ်တပ်က ဖမ်းဆီးလိုက်တဲ့ သတင်းကို သက်ဆိုင်ရာ အီရန်နဲ့ အမေရိကန် ဘက်တွေက သတင်းထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့ စနေနေ့ညနေပိုင်းမှာ တီဟီရန်မြို့ရှိ စက်သုံးဆီဖြန့်ဖြူးရေးနေရာတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် လူဦးရေ ၁၀ သန်းနီးပါး နေထိုင်တဲ့ တီဟီရန်မြို့မှာ ရေနံတွေနဲ့ ရောနှောနေတဲ့ မိုးမည်းတွေ ရွာသွန်းမှုနဲ့ ကြုံတွေ့နေရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့ အီရန်ခေါင်းဆောင်တွေဟာ ဆိုရှယ်မီဒီယာတွေနဲ့ သတင်းဌာနတွေကတဆင့် အပြန်အလှန် သတိပေး ခြိမ်းခြောက်နေပြီး စစ်ပွဲကို အရှိန်မြှင့်နေကြပါတယ်။



