နေပြည်တော် စစ်ဆေးရုံကို AA ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား
နေပြည်တော်ရှိ စစ်ဆေးရုံကို အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်မိသားစုတွေ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Thadin ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၃၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သွေးကြွေး ပြန်ပေးဆပ်နေကြပြီ။ နေပြည်တော် စစ်ဆေးရုံး အေအေ ဒရုန်းဗုံးကြဲ။ နေပြည်တော် စစ်ဆေးရုံကို အေအေ ဒရုန်းဗုံးကြဲ၊ ဆေးရုံရှိ စစ်ခွေးမိသားစုတွေ အကုန် ဘဝကူး' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော် စစ်ဆေးရုံကို AA ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ဖြစ်ပွားနေတဲ့ အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးအခြေအနေတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
ဒီအကြောင်းအရာထဲမှာ နေပြည်တော် စစ်ဆေးရုံကို အာရက္ခတပ်တော် AA ဒရုန်းနဲ့တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



