ယောက်ျားတစ်ယောက်က မိန်းမ (၄) ယောက်အထိ ယူလို့ရမယ့် ဥပဒေ စစ်ကောင်စီ ပြဌာန်းမယ်ဆိုတဲ့ သတင်းအမှား
ယောက်ျားတစ်ယောက်က မိန်းမ (၄) ယောက်အထိ ယူလို့ရမယ့် ဥပဒေသစ်ကို စစ်ကောင်စီ ပြဌာန်းမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Shwe Gabar Chinlone ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပုံကို အသုံးပြုပြီး 'လူဦးရေနည်းပါးလာတာကြောင့် ယောက်ကျား တစ်ယောက်ကို မိန်းမ(၄) ယောက်အထိယူရမယ့် ဥပဒေကို ပြဌာန်းရမည်ဖြစ်ကြောင်း' လို့ ပုံပေါ်မှာ စာသားနဲ့ ရေးသား ထားတာပါ။
ဖြန့်ဝေထားတဲ့ ပိုစ့်မှာလည်း 'ဒီလိုကြတော့ ဘဘတို့ကတော်သွားပီ အမြန်ထုတ်.ဒိလိုဥပဒေက.' လို့ အစပြုပြီး လက်ရှိ တော်လှန်ရေးဟာ မြန်မာလူမျိုးအချင်းချင်း သတ်ဖြတ်နေတာသာဖြစ်ကြောင်း၊ အဓိကက နိုင်ငံရေးပြဿနာသာ ဖြစ်ကြောင်း၊ စစ်တပ်မပြုတ်ပဲ ဗမာလူမျိုးတုန်းသွားနိုင်ကြောင်း၊ စစ်တပ်က ပြည်သူပေါ်ဖိနှိပ် မညှာတာသလို Pdf အမည်ခံပြီး ဓားမြတိုက်နေကြတာတွေလည်း ရှိကြောင်း၊ မိန်းကလေးအများစုက ပြည်ပထွက်ပြီး တိုင်းတပါးသားတွေနဲ့ ယူနေကြောင်းတွေ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ယောက်ျားတစ်ယောက်က မိန်းမ (၄) ယောက်အထိ ယူလို့ရမယ့် ဥပဒေ စစ်ကောင်စီ ပြဌာန်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီလိုဥပဒေထုတ်မယ်ဆိုတဲ့ အကြောင်းအရာကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
လက်ရှိ ဖေစ့်ဘွတ်ပေါ်မှာ နောက်ပြောင်သလိုလို၊ အတည်ပေါက်ရေးသလိုလိုနဲ့ နိုင်ငံရေး၊ စစ်ရေးအကြောင်းတွေကို ရေးသားကာ RCS (React, Comment and Share) နဲ့ ပိုက်ဆံရှာနေသူတွေ များပြားလာပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



