စစ်ကောင်စီကို ကြံ့ခိုင်ရေးပါတီ တရားစွဲတယ်ဆိုတဲ့ သတင်းအမှား
ကြံ့ခိုင်ရေးပါတီနဲ့ စစ်ကောင်စီကြား သဘောထား ကွဲလွဲမှုတွေရှိနေတယ်ဆိုတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အသုံးချကာ စစ်တပ်ကို ကြံ့ခိုင်ရေးပါတီက တရားစွဲလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်တပ်ကို ကြံခိုင်ရေး ပါတီ တရားစွဲ ပြီ။ ကြံ့ခိုင်ရေး နဲ့ စစ်တပ် ပြသာနာတက်ပြီ။ မင်းအောင်လှိုင်ကို ကြံ့ခိုင်ရေးပါတီက ဆန္ဒ ပြနေပြီဟေ့။ NLD ကို စစ်တပ် လုပ်ကြံတာဟု USDP က ထုတ်ပြောကုန်ပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီကို ကြံ့ခိုင်ရေးပါတီ တရားစွဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media သတင်းဌာနမှာ မတ်လ ၂၉ ရက်နေ့က ဖော်ပြထားတဲ့ 'မင်းအောင်လှိုင် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်တွင် အမာခံကြံ့ဖွတ်ပါတီဝင်များက ဒုသမ္မတ၊ ဝန်ကြီးနှင့်ဒုဝန်ကြီး နိုင်ငံရေးရာထူးနေရာများအတွက် မပါဝင်လာ၍ မကျေမနပ်ဖြစ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ အကြမ်းဖက် မင်းအောင်လှိုင် သမ္မတ အဖြစ် ဦးဆောင်မယ့် အစိုးရအဖွဲ့သစ်မှာ အမာခံကြံ့ဖွတ်ပါတီ ဝင်တွေအနေနဲ့ ဒုတိယသမ္မတ၊ ဝန်ကြီးနဲ့ ဒုဝန်ကြီးနေရာတွေမှာ ပါဝင်လာနိုင်ခြင်းမရှိတဲ့အတွက် ပါတီတွင်း မကျေနပ်မှုတွေ ဖြစ်ပေါ်နေတဲ့အကြောင်းတွေ ရေးသားထားတာပါ။
ဒီလိုမကျေနပ်တဲ့အကြောင်းတွေ ရေးသားထားပေမယ့် ဒီသတင်းထဲမှာ စစ်တပ်ကို တရားစွဲမယ်ဆိုတဲ့အကြောင်း မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



