လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးမှုအပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းခံရတယ်ဆိုတဲ့ သတင်းအမှား
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး အပြီးမှာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဖျက်သိမ်းကြောင်းနဲ့ စစ်ခေါင်းဆောင်တွေကို ICC ခုံရုံးတင် စစ်ဆေးဖို့ အမိန့်ချတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Sophal Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ 'လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးမှုအပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းခံရပြီး စစ်ခေါင်းဆောင်တွေကို ICC ခုံရုံးတင် စစ်ဆေးဖို့ အမိန့်ချ' လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးမှုအပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတွင် အထူး ကိုယ်စားလှယ်က မင်းအောင်လှိုင်နှင့် တတိယအကြိမ် တွေ့ဆုံမှု အပါအဝင် အခြေအနေများကို အစီရင်ခံ၊ ရလဒ်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
သတင်းထဲမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Julie Bishop က ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် အဖွဲ့ဝင်နိုင်ငံတွေဆီကို မြန်မာ့အရေး အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့ကြောင်း၊ အထူးကိုယ်စားလှယ် Julie Bishop က ထိတွေ့ဆက်ဆံမှုအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ အရပ်သားတွေကို ကာကွယ်စောင့် ရှောက်နိုင်ရေးအတွက် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အရေး တကြီး လိုအပ်ကြောင်း၊ မြန်မာ့အရေးကို ကမ္ဘာ့စာမျက်နှာမှာ ဆက်လက်ထားရှိပြီး ကြာရှည်နေပြီဖြစ်တဲ့ အကျပ်အတည်းကို မြန်မာပြည်သူတွေ ကိုယ်တိုင်ဦးဆောင်ပြီး ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းသော ဖြေရှင်းချက်ဆီကို ဦးတည်နိုင်ဖို့ စဉ်ဆက်မပြတ် ပံ့ပိုးပေးရန်တို့ကို ပြောဆိုဆွေးနွေးခဲ့ကြောင်းတွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းကြောင်းနဲ့ စစ်ခေါင်းဆောင်တွေကို ICC ခုံရုံးတင် စစ်ဆေးဖို့ အမိန့်ချတယ်ဆိုတဲ့ အကြောင်းအရာတွေ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



