မတ်လကုန်မှာ စစ်မှုထမ်းဥပဒေ ရုတ်သိမ်းမယ်ဆိုတဲ့ သတင်းအမှား
စစ်ကောင်စီက မတ်လ (၃၀) ရက် နောက်ဆုံးထားပြီး စစ်မှုထမ်းစနစ်ကို ရုတ်သိမ်းသွားဖို့ စီစဉ်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Burmese Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မတ်လ (၃၀) ရက်နေ့အပြီး စစ်မှုထမ်း ရုတ်သိမ်းဖို့ သတင်းထွက်။ လတ်တလောမှာ မတ်လ(၃၀) ရက်ကို နောက်ဆုံးထားပြီး စစ်မှုထမ်းစနစ်ကို ရုတ်သိမ်းသွားမယ်လို့ နေပြည်တော် တပ်တွင်း သတင်းရင်းမြစ်တွေက အတည်ပြုထားတာပါ။ ဒါကြောင့် ဒီရက်ထဲမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ တစ်ရပ်ကွက်ကို လူ ၁၀ ဦး မဖြစ်မနေ စုဆောင်းခိုင်းနေပြီး စစ်မှုထမ်း နောက်ဆုံးအကြိမ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေက ပြောတယ်' ဆိုပြီး ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီက မတ်လ (၃၀) ရက် နောက်ဆုံးထားပြီး စစ်မှုထမ်းစနစ်ကို ရုတ်သိမ်းသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီဖြန့်ဝေထားတဲ့ အကြောင်းအရာကို စစ်ကောင်စီအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး ၂၀၂၄ ဧပြီက စတင်ကာ လူငယ်အများအပြားကို အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် (၂၂) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေ ၅၀၀၀ နှုန်းနဲ့ စုဆောင်းမယ်လို့ ပြေထားတဲ့အတွက် ၂ နှစ်တာအတွင်း တပ်သားသစ် ၁သိန်းကျော် စုဆောင်းထားပြီးဖြစ်တယ်လို့ ယူဆရပါတယ်။
မြန်မာနောင်း သတင်းဌာနမှာ မတ်လ အစောပိုင်းက ဖော်ပြခဲ့တဲ့ သတင်းမှာ စစ်ကောင်စီအနေနဲ့ စစ်ရှုံးမှုတွေကြောင့် ပြုန်းတီးသွားတဲ့ စစ်အင်အားကို ပြန်ဖြည့်ဖို့နဲ့ နယ်မြေစိုးမိုးမှု ပြန်ရဖို့အတွက် ၂၀၂၆ ခုနှစ်အတွင်းမှာ ပျော်ပွဲရွှင်ပွဲ တွေကို ထောင်ချောက်အဖြစ် သုံးပြီး လူငယ်တွေကို အရှိန်မြှင့် ဖမ်းဆီးနေကြောင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်က လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပစ်မှတ်ထား ဖမ်းဆီးမှုတွေများလာတာလို့ မြို့ခံတွေက ဆိုကြောင်း၊ ထားဝယ်မြို့ပေါ် တခုတည်းမှာကို တည လူငယ် ၃၀ နဲ့ ၄၀ ကြား အထိ အဖမ်းခံနေရကြောင်းတွေ ရေးသားဖော်ပြထားပါတယ်။
သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



