တရုတ်နဲ့ ဂျပန် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်
လက်ရှိဖြစ်ပွားနေတဲ့ တရုတ်- ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့ သတင်းတွေပေါ် အခြေခံပြီး နေ့စဉ်ရက်ဆက် လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ရှိနေပါတယ်။

Alyx_Biil ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ တရုတ်- ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ စပ်ဆက်တဲ့ သတင်းမှား၊ သတင်းတု အများအပြား နေ့စဉ်ဖြန့်ဝေနေတာ တွေ့ရပါတယ်။
ဒီဖေစ့်ဘွတ်ပေချ့်ကို ၂၀၂၂ ခုနှစ်မှာ ဖွင့်ထားတာ တွေ့ရပြီး လက်ရှိမှာ follower တစ်သောင်းကျော် ရှိနေပါတယ်။
ဒီဖေစ့်ဘွတ်ပေချ့်ကနေ ပြည်တွင်း၊ ပြည်ပ အကြောင်းအရာတွေကို လူစိတ်ဝင်စားအောင် ခေါင်းစဉ်မှားတွေ ရေးသားပြီး သတင်းမှားတွေ အဆက်မပြတ် ဖြန့်ဝေနေတာ တွေ့ရပါတယ်။
ဖြန့်ဝေရာမှာ 'ဂျပန်ပိုင်နက်နားထဲထိ တရုတ်တိုက်လေယာဉ်တွေ ကျူးကျော်တိုက်ခိုက်ပြီ။ တရုတ်ဒရုန်းတွေ ဂျပန်ဝေဟင်မှာ အုပ်စိုးသွားပြီ။ ဂျပန်စစ်တပ် အရေးပေါ်တိုက်လေယာဉ် ဖြန့်ကျက်လိုက်ပြီ'၊ 'ပိုပြီးပြင်းထန်လာနေတဲ့ တရုတ် ဂျပန်လူမျိုးရေး ပြသာနာများ။ တရုတ်လူမျိုးတွေ အကုန်လုံးကို ဂျပန်နိုင်ငံက နှင်ထုတ်လိုက်ပြီ။ ဂျပန်နဲ့ တရုတ်တွေရဲ့ လူမျိုးရေးစစ်ပွဲ စပြီ'၊ 'တရုတ်ဒရုန်းတွေကို ဂျပန်ဖိုက်တာတွေ ကင်ပေးလိုက်ပြီ။ စတင်တိုက်ခိုက်လာတဲ့တရုတ်ဒရုန်းတွေကို ဂျပန် ဂျက်ဖိုက်တာတွေ ပြာချပေးလိုက်ပြီ'၊ 'ဂျပန်နဲ့ တရုတ်စစ်ဖြစ်ခဲ့ရင်ဘယ်သူနိုင်မလဲဆိုတဲ့ ပညာရှင်တွေရဲ့သုံးသပ်ချက်များထွက်လာ။ တောင်တရုတ်ပင်လယ်ထဲမှာ ဂျပန်နဲ့တရုတ်တို့ရဲ့ရေတပ်တိုက်ပွဲစပြီ' စတဲ့ အကြောင်းအရာတွေကို နေ့စဉ်ရက်ဆက် ဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
Alyx_Biil ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုတွေထဲမှာတော့ လက်တလော သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ တရုတ်- ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့ သတင်းတွေကို ဖြတ်တောက်ရယူကာ နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်တွေပဲ ဖြစ်ပါတယ်။
တရုတ်ကသာ ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်ကလည်း ထိုင်ဝမ်ဘက်ကနေ စစ်ရေးအရ ပါဝင် တုံ့ပြန်နိုင်တယ်ဆိုတဲ့ ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ စကားကြောင့် တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာလာခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးသတင်းတွေအရ ထိုင်ဝမ်နဲ့ သိပ်မဝေးတဲ့ ဂျပန်ပိုင် ကျွန်းတစ်ခုနားမှာ တရုတ်ရဲ့ ဒရုန်းလို့ ယူဆရတဲ့ ဒရုန်းတစ်စီး နိုဝင်ဘာ ၂၄ ရက်နေ့က ဖြတ်ပျံခဲ့တဲ့အတွက် ဂျပန် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရတယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်နေ့မှာ X ဆိုရှယ်မီဒီယာမှာ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် အခုဖြန့်ဝေနေသလို ဂျပန်ပိုင်နက်နားထဲထိ တရုတ်တိုက်လေယာဉ်တွေ ကျူးကျော်တိုက်ခိုက်ပြီ၊ တရုတ်ဒရုန်းတွေ ဂျပန်ဝေဟင်မှာ အုပ်စိုးသွားပြီဆိုတာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး People's Spring သတင်းဌာနမှာ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
လက်ရှိမှာ ဂျပန်ရဲ့ "စစ်ဝါဒ ပြန်လည်အသက်သွင်းမယ့်" လုပ်ရပ်မှန်သမျှကို ဟန့်တားထိန်းချုပ်ပေးဖို့ အမေရိကန်ကို တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် People's Daily သတင်းစာက နိုဝင်ဘာ ၂၇ ရက် အယ်ဒီတာ့အာဘော်မှာ တိုက်တွန်း ရေးသားလိုက်ကြောင်းနဲ့ မရှေးမနှောင်းမှာပဲ ထိုင်ဝမ် ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ရန်သွားမစဖို့ ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီသတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



