ဒေါ်အောင်ဆန်းစုကြည်ကို ICJ ပို့ပြီး တရားရင်ဆိုင်ခိုင်းမယ်ဆိုတဲ့ သတင်းအမှား
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ရဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အမှုရှုံးနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမှုရင်ဆိုင်ဖို့ ထပ်မံစေလွှတ်မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Sophal Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၁၂ ရက်နေ့က စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ICJ မှာ စစ်ကောင်စီအမှုရှုံး။ ဒေါ်အောင်ဆန်းစုကြည် ထပ်ပို့မယ်' လို့ ရေးသားထားတာ ဖြစ်ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာလည်း ICJ မှာ တရားရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ရဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အမှုရှုံးနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမှုရင်ဆိုင်ဖို့ ထပ်မံစေလွှတ်မယ်ဆိုပြီး နောက်ခံစကားနဲ့ ပြောဆိုထားပါသေးတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို ICJ ပို့ပြီး တရားရင်ဆိုင်ခိုင်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သယ်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဇန်နဝါရီ ၁၂ ရက်နေ့ကနေ စတင်ပြီး နှစ်ဖက်လျှောက်လဲချက်တွေကို ကြားနာတာပြုလုပ်နေပါတယ်။
အမှုစစ်ဆေးမှုကို ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး မနေ့က ပြုလုပ်တဲ့ စတင်ကြားနာမှုမှာ ဂမ်ဘီယာ တရားရေးဝန်ကြီး Dawda Jallow က လက်ရှိပြုလုပ်တဲ့ ကြားနာစစ်ဆေးမှုဟာ ကျူးလွန်ခံရသူတွေအတွက် အမှန်တရားပေါ်ပေါက်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်ကြောင်း၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ သာမန်စစ်ဆင်ရေးထက် ကျော်လွန်နေပြီး၊ ရိုဟင်ဂျာတွေကို မြန်မာ့မြေပေါ်ကနေ လုံးဝကွယ်ပျောက်သွားအောင် စနစ်တကျ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ ICJ တရားရုံးအနေနဲ့ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်က ရပ်တည်ပေးဖို့ တိုက်တွန်းကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံဖိုနဲ့ ကျူးလွန်ခံရသူတွေအတွက် လျော်ကြေးနဲ့ တရားမျှတမှု ရရှိရေးတို့ကို လျှောက်လဲသွားပါတယ်။
ဒါ့အပြင် ဂမ်ဘီယာနိုင်ငံဘက်ကရှေ့နေ (Mr Arsalan Suleman) က သီတဂူဆရာတော် ဦးဉာဏိဿရ နဲ့ ဦးဝီရသူ တို့ကို မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု လှုံ့ဆော်သူအဖြစ် သက်သေ တင်သွင်းခဲ့ပါတယ်။
လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို ICJ က ဆင့်ခေါ်တယ်ဆိုတာမျိုး မရှိသလို စစ်ကော်မရှင်က စေလွှတ်အမှုရင်ဆိုင်ခိုင်းတယ်ဆိုတဲ့ အကြောင်းအရာကိုလည်း ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



