ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်ပြီး ဖြန့်ဝေနေတဲ့ သတင်းအမှားတွေ
စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်ပြီး သတင်းအမှားတွေလည်း ဆက်တိုက်ဖြန့်ဝေနေကြပါတယ်။

ဒီအကြောင်းအရာတွေကို DIY70 နဲ့ Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်တဲ့ သတင်းမှားတွေကို နေ့စဉ်ရက်ဆက် ဖြန့်ဝေနေပါတယ်။
DIY70 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က အောက်တိုဘာ ၂၃ ရက်နေ့မှာ 'အာဆီယံ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ဒေါ်နယ်ထရမ့် တက်ခိုင်းပြီ' ဆိုပြီး အခြားသတင်းတုတွေနဲ့အတူ ဖြန့်ဝေထားပါတယ်။
Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း အောက်တိုဘာ ၂၅ ရက်နေ့မှာ 'ဒေါ်စုကိုလွှတ်ပြီး မြန်မာစစ်တပ်ကို အာဆီယံ ပြတ်ပြတ်သားသား အရေးယူပြီ' လို့ ဖြန့်ဝေထားပြီး အောက်တိုဘာ ၂၆ ရက်နေ့မှာလည်း 'ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် စစ်ကောင်စီကို ဖျက်သိမ်းမယ်' ဆိုပြီး ထပ်မံဖြန့်ဝေထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်ပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေ ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ပုံတွေအသုံးပြုကာ တော်လှန်ပြည်သူတွေအကြိုက် စစ်ကောင်စီကို ပြောဆိုဝေဖန်ပြောဆိုနေတာပါ။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို တလွဲသုံးကာ နောက်ခံစကားပြောနဲ့ အချက်အလက် အမှား သတင်းမှားတွေ ပြောဆိုနေတာပါ။
ဒီလို လုပ်ကြံပြောဆို သတင်းမှားဖြန့်ဝေနေမှုတွေဟာ ပြည်သူတွေ အနေနဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှု ကင်းမဲ့စေဖို့ တမင် အကွက်ချ ဖန်တီးနေတာလည်း ဖြစ်နိုင်ပါတယ်။
အခုဖြန့်ဝေနေတဲ့ 'အာဆီယံ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ဒေါ်နယ်ထရမ့် တက်ခိုင်းပြီ'၊ 'ဒေါ်စုကိုလွှတ်ပြီး မြန်မာစစ်တပ်ကို အာဆီယံ ပြတ်ပြတ်သားသား အရေးယူပြီ' နဲ့ 'ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် စစ်ကောင်စီကို ဖျက်သိမ်းမယ်' ဆိုတဲ့ အကြောင်းအရာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေက ထုတ်ဖော်ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။



