တိုင်းရင်းသား အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ မိန့်ခွန်းဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်အတုတွေ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ခေါင်းဆောင်တွေဖြစ်တဲ့ အာရက္ခတပ်တော်(အေအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် တို့ရဲ့ မိန့်ခွန်းပြောဆို နေဟန်တွေကို AI နည်းပညာနဲ့ ဖန်တီးဖြန့်ဝေကာ အွန်လိုင်းက ပိုက်ဆံရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ပေါ်ထွက်နေပါတယ်။

ဒီအကြောင်းအရာတွေကို Karenni Arts-KHReh ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၈ ရက်နေ့က စတင်ဖြန့်ဝေ နေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားနဲ့ ဝင်ရောက်ကြည့်ရှု့သူ သန်းချီရှိနေပါတယ်။
အာရက္ခတပ်တော်(အေအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိန့်ခွန်းပြောဟန်ကို AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ကြာချိန် ၄ မိနစ်ကြာ ဗီဒီယိုဖိုင်ကို ဇန်နဝါရီ ၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ရာမှာ ထပ်ဆင့်ဖြန့်ဝေမှု တစ်သောင်းနီးပါးနဲ့ ဝင်ရောက်ကြည့်ရှု့သူ ၂ သန်းနီးပါး ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် ရဲ့ မိန့်ခွန်းဗီဒီယိုဖိုင်နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ဗီဒီယိုတွေကိုလည်း ဆက်တိုက်ဖြန့်ဝေနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တိုင်းရင်းသား အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ မိန့်ခွန်းဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်တွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုဖိုင်အတုတွေသာ ဖြစ်တာကို တွေ့ရပါတယ်။
ဒီဗီဒီယိုဖိုင်တွေကို သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ ဖော်ပြထားတာ မရှိသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
ဒီဗီဒီယိုဖိုင် အတုတွေထဲပါ မိန့်ခွန်းအကြောင်းအရာတွေဟာ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ အမှန်တကယ် ချမှတ်ထားတဲ့ ရပ်တည်ချက်၊ မူဝါဒ နဲ့ ဆက်လက် လုပ်ဆောင်မယ့် အကြောင်းအရာတွေနဲ့ မည်မျှတိုက်ဆိုင် မှန်ကန်သည်ကို ဘယ်သူမှ မသိနိုင်တဲ့အပြင် နောင်တချိန်မှာ အငြင်းပွားဖွယ် ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



