ကိုဗစ်လို ကြောက်စရာကောင်းတဲ့ သတင်းအချက်အလက် ကပ်ရောဂါ (သို့မဟုတ်) Infodemic

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို လူတွေ အတော် အသုံးပြုလာတာကြောင့် သတင်းအချက်အလက်တွေက ဗိုင်းရပ်စ်ထက်ပင် ပျံ့နှံ့နှုန်းမြန်လာပါတယ်။

ဒစ်ဂျစ်တယ်ပလက်ဖောင်းလို့ခေါ်တဲ့ အွန်လိုင်းနဲ့ လူမှုကွန်ယက်တွေအသုံးများလာတာကြောင့် လူထုကို သတင်းအချက်အလက်ပေးနေကြတဲ့ သတင်းမီဒီယာတွေကလည်း အွန်လိုင်းပေါ်ကိုရွေ့လျားလာပါတယ်။

လတ်တလောမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကို တစ်ကမ္ဘာလုံးရင်ဆိုင်နေရသလို တစ်ဖက်မှာလည်း အဲ့ဒါနဲ့အပြိုင်နောက်ထပ်ကပ်ရောဂါတစ်ခုကလည်း လူတွေကိုတိုက်ခိုက်နေပါတယ်။

ဒါကိုနိုင်ငံတကာမှာ သတင်းအချက်အလက်ကပ်ရောဂါ (Infodemic) လို့သုံးနှုန်းကြပြီး အရေးတကြီးတိုက်ပွဲဝင်နေကြရပါတယ်။

ဘာကြောင့်သတင်းအချက်အလက်ကပ်ရောဂါလို့သုံးနှုန်းလဲဆိုတဲ့အဖြေရှိပါတယ် ။ ကိုဗစ်-၁၉ ကပ်ရောဂါကာလဆိုးထဲမာ နေရာပေါင်းစုံက ဖေါင်းပွပျံ့နှံ့လာတဲ့ သတင်းအချက်အလက်ပေါင်းစုံက လူတွေဆီကိ အရှိန်အဟုန်နဲ့ဝင်ရောက်နေသလို လူတွေအတွက် အယူအဆအမှား အတွေးမှားတွေက အဆိပ်အတောက်တစ်ခုလိုပေးနေတဲ့ သတင်းတုသတင်းအမှားတွေကြောင့်ဖြစ်ပါတယ်။

သတင်းအချက်အလက်တွေကို သေချာ မစိစစ်ဘဲ ဖြန့်ဝေနေတာတွေက အန္တရာယ်အရမ်းကြီးသလို မိမိတို့ရဲ့ဘဝတွေကို ပိုပြီး ရှုပ်ထွေးစေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပိုပြီးဖြစ်လာစေတယ်။



Infodemic ဆိုတာ ဘာလဲ

ဒီမှာ မေးစရာရှိလာတာက သတင်းအချက်အလက်ကူးစက်ရောဂါ(သတင်းအချက်အလက်ကပ်ရောဂါ)ဆိုတာက ဘာလဲ။ သတင်းအချက်အလက်ကပ်ရောဂါ (Infodemic) ဆိုတာက ပြဿနာတစ်ခု (သို့) ဖြစ်ရပ်တစ်ခုအပေါ်မှာ သတင်းအချက်အလက်တွေ ရှုဒေါင့်အမျိုးမျိုးကနေ အကန့်အသတ်မဲ့ အများအပြားထွက်ပေါ်လာခြင်း၊ အချိန်တိုအတွင်း အချက်အလက်အမှားတွေ တရားလွန် ပျံ့နှံ့သွားခြင်းကို ခေါ်တာပါ။ တချို့အချက်အလက်တွေက မှန်ကန်တယ် ဒါပေမဲ့ တိကျမှု မရှိဘူး။ သတင်းအရင်းအမြစ်တွေ မခိုင်မာဘူး။

သတင်းအချက်အလက်တွေ ဟိုတစ သည်တစ ဘယ်သတင်းကို ယုံရမှန်းမသိအောင် ပြန့်နှံ့သွားခြင်းဟာ သတင်းဟာ မှန်ကန်သလား မမှန်ဘူးလားဆိုတာ ဖြေရှင်းဖို့ ခက်ခဲသွားစေတယ်။ စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ပျံ့နှံ့သွားစေတာကလည်း သတင်းမှားဖြန့်ဝေသူတွေအတွက် အခွင့်ကောင်းတစ်ခုဖြစ်နေပါတယ်။

ဒစ်ဂျစ်တယ် ဆက်သွယ်ရေးခေတ်မှာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို လူတွေ အတော် အသုံးပြုလာတာကြောင့် သတင်းအချက်အလက်တွေက ဗိုင်းရပ်စ်ထက်ပင် ပျံ့နှံ့နှုန်းမြန်လာပါတယ်။ အဲဒီလို သတင်းအချက်အလက်တွေ ပျံ့နှံ့လာတာဟာ အွန်လိုင်းပေါ်မှာသာမက ပြင်ပလူ့အသိုင်းအဝိုင်းထဲထိ တိုးဝင်လာပါတယ်။

မိမိကိုယ်တိုင် မသိလိုက်ပဲ သတင်းအမှားတွေကို ထပ်ဆင့်

ဖြန့်ဝေမိလိုက်တာမျိုးလည်း ဖြစ်တတ်တယ်

Infodemic ကြောင့် ဘယ်လိုအကျိုးအဆက်တွေဖြစ်သလဲ

အွန်လိုင်းက ရလာတဲ့သတင်းအချက်အလက်တွေကြောင့် နေ့စဉ်ဘဝမှာ စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာတွေ အနှုတ်လက္ခဏာဆောင်လာတာတွေ ရှိတယ်။ အခြားသူတွေရဲ့ဘဝတွေ အဖြစ်အပျက်တွေကို သိရှိပြီး စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ညစ်ညူးခြင်းဆိုတဲ့အရာတွေကို ခံစားလာရတယ်။ မိမိဘဝနဲ့ အခြားသူတွေရဲ့ဘဝကို အရင်ကထက် ပိုမို နှိုင်းယှဉ်မိလာကြတယ်။ များပြားစုံလင်လှတဲ့ အသုံးအဆောင် အဝတ်အစားနဲ့ အစားအသောက်မျိုးစုံတွေကို တွေ့မြင်သိရှိလာတဲ့အခါ တခြားသူတွေလို မသုံးစွဲနိုင်၊ မစားသောက်နိုင်တဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာတယ်၊ မိမိက အိမ်ထောင်ရေးအဆင်မပြေ၊ မိသားစုကြား ပြဿနာဖြစ်နေချိန်မှာ မိမိရဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အဆင်ပြေမှုတွေကို ကြည့်ပြီး စိတ်ဓာတ်ကျ၊ ဝမ်းနည်းလာပြီး ဝန်တိုမှုစတဲ့ စိတ်အညစ်အကြေးတွေ ထင်ဟပ်လာတယ်။

နောက်တခုက မိမိ သေချာမသိတဲ့ များပြားလှတဲ့ သတင်းအချက်အလက် အကြောင်းအရာတွေကြားထဲမှာ ဘယ်ဟာက အမှန်လို့ မဝေခွဲနိုင်တော့ပဲ မိမိကိုယ်တိုင် မသိလိုက်ပဲ သတင်းအမှားတွေကို ထပ်ဆင့် ဖြန့်ဝေမိလိုက်တာမျိုးလည်း ဖြစ်တတ်တယ်။ ဒီလုပ်ရပ်တွေက လူတဦးကနေ လူတစ်ရာ၊ လူတစ်ထောင် လုပ်ဆောင်မိတဲ့အခါ ပုံဖျက်ထားတဲ့သတင်းတွေ၊ သတင်းမှားဖြန့်ဝေသူတွေရဲ့ ထောင်ချောက်ထဲကို ပါဝင်မိလျက်သားဖြစ်သွားတတ်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေဆိုရင် Covid-19 လို ကူးစက်ရောဂါအကြောင်းမျိုးတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ရောထွေး မှတ်သားမိသွားကြပြီး မှန်ကန်တဲ့ စဉ်းစားဆင်ခြင်မှုကို မပြုလုပ်နိုင်ခင် တရားလွန် စိုးရိမ် ကြောက်လန့်သွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ အယူအဆအလွဲအမှားတွေအပေါ် လိုက်လံ လုပ်ဆောင်မိတာမျိုးတွေကြောင့်လည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေက ဆက်ဖြစ်လာနိုင်သေးတယ်။

တစ်နေ့ နှစ်ကြိမ်လောက်ပဲ

အွန်လိုင်းမှာ အချိန်ဖြုန်းပါ


သတင်းမှား ပျံ့နှံ့မှုကို ကာကွယ်ဖို့ ဘာတွေလုပ်ဆောင်နိုင်သလဲ။

ဒီလို သတင်းမှားပြန့်နှံ့မှုအန္တရာယ်ကို ကာကွယ်ဖို့မိမိတို့ အနိမ့်ဆုံးလုပ်ဆောင်နိုင်တဲ့အချက်တွေကို မျှဝေချင်ပါတယ်။ အဲဒါတွေကတော့ -

သတင်းတပုဒ်ကို တွေ့ပြီဆိုရင် အချက်အလက်နဲ့ အထောက်အထားကို အရင်ဆုံးရှာဖွေပါ။ တိကျမှုရှိရဲ့လား၊ မှန်ကန်မှုရှိရဲ့လား၊ သက်သေတွေ လုံလောက်ရဲ့လားဆိုတာ မေးခွန်းထုတ်ပါ။ အခြားသတင်းရင်းမြစ်တွေ၊ သတင်းဌာနတွေမှာကော ဒီသတင်းကို ဖော်ပြထားတာ ရှိလားဆိုတာ စစ်ဆေးပါ။

မိမိဖတ်မိတဲ့သတင်းက မမှန်ဘူးလို့ထင်ရင် ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေထံ မေးမြန်းစုံစမ်းပါ။ ယုံကြည်စိတ်ချရသောရင်းမြစ်များမှသာယုံကြည်ပါ။

မသေချာပဲ share ထပ် မလုပ်သင့်ပါ၊ မိမိက မမှန်ကြောင်း သိထားတဲ့သတင်းအချက်အလက်ရှိရင်လဲ အဲဒီအကြောင်းကို reshare လုပ်ပါ။

ဖြစ်နိုင်ရင် ပုံသက်သေကောင်းပြပါ။ မှန်ကန်သောလုပ်ဖော်ကိုင်ဖက်တစ်ဦးကို စုဆောင်းထားပါ၊ မှန်ကန်သောသတင်းအချက်အလက်များအတွက်မှတ်ပုံတင်ထားသောရင်းမြစ်များကိုစစ်ဆေးပါ။

သတင်းအချက်အလက်တွေ ဖတ်ရှုဖို့ သတ်သတ်မှတ်မှတ်အချိန်ယူပါ။ လိုအပ်လျှင် တစ်နေ့ နှစ်ကြိမ်လောက်ပဲ အွန်လိုင်းမှာ အချိန်ဖြုန်းပါ။

လေ့ကျင့်ခန်းလုပ်ပါ၊ သီချင်းနားထောင်ပါ၊ စာအုပ်ဖတ်ပါ။ ဒါတွေက ကောင်းမွန်သောကာယနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိန်းသိမ်းဖို့ အကူအညီပေးပါတယ်။

မှန်ကန်သော သတင်းစကား မှန်ကန်သော သတင်းအချက်အလက်တွေက လူတွေရဲ့ အသက်ကို အကာအကွယ်ပေးတယ်ဆိုတာ မမေ့ပါနဲ့။

လူမှုအသိုင်းအဝိုင်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဟာ သတင်းအချက်အလက်များအပေါ် ခံနိုင်ရည်ရှိလာကာ အရည်အသွေးနိမ့်သောသတင်းအချက်အလက်များက ဘယ်လို၊ မှန်ကန်တဲ့အချက်အလက်က ဘယ်ဟာဆိုတာမျိုးကို ခွဲခြားသိရှိ အသိအမှတ်ပြုလာနိုင်လျှင်၊ Infodemic ဆိုတဲ့ သတင်းအချက်အလက် ကပ်ရောဂါကို ကျော်လွှားနိုင်ကြပြီလို့ သိနိုင်မှာဖြစ်ပါတယ်။
သတင်းအမှားအမှန်မသေချာတဲ့အကြောင်းအရာတွေတွေ့လာပြီဆိုရင် Boom Myanmar နဲ့ တခြားသော သတင်းအချက်အလက်စစ်ဆေးတဲ့ မီဒီယာတွေမှာလည်းဝင်ရောက်စစ်ဆေးနိုင်ပါတယ်။

Show Full Article
Next Story