BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • အချက်အလက် ရယူရန်
  • သတင်းသမားတွေပြောတဲ့ သတင်းအမှား...
အချက်အလက် ရယူရန်

သတင်းသမားတွေပြောတဲ့ သတင်းအမှား အန္တရယ်

နေ့စဉ်ဖတ်ရှုနေရတဲ့သတင်းတွေထဲမှာ သတင်းအမှားတွေဘယ်လောက်ရောထွေးနေသလဲ၊ ဒီသတင်းအမှားတွေကလူထုအတွက်ဘယ်လောက်အန္တရယ်ရှိနေသလဲ။

By - Boom Live Myanmar |
Published -  18 Aug 2020 5:20 PM IST
  • သတင်းသမားတွေပြောတဲ့ သတင်းအမှား အန္တရယ်

    ဒစ်ဂျစ်တယ်ခေတ်ရဲ့ သတင်းအချက်အလက်စားသုံးမှုနဲ့၊ သတင်းစီးဆင်းမှုပုံစံတွေပြောင်းလဲလာတဲ့နောက်၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှန်းလုံးမှာ သတင်းအမှားတွေဟာ လူထုကြားထဲကို အရှိန်အဟုန်နဲ့စီးဆင်းဝင်ရောက်နေပါတယ်။ ကူးစက်ရောဂါတွေလို လူတွေကြားထဲ ြပ်းပြင်းထန်ထန်ရိုက်ခတ်နေတာကြောင့် နိုင်ငံတကာမှာတော့ဒီအခြေအနေကို Infodemic လို့ သုံးနှုန်းကြပါတယ်။

    အမြင်သာဆုံးဥပမာအနေနဲ့ပြောရရင် ကိုဗစ်ကာလမှာမြောက်မျာစွာသောသတင်းတုသတင်းအမှားတွေ ကမ္ဘာနဲ့အဝှန်ထွက်ပေါ်ခဲ့ပါတယ်။ ရောဂါနဲ့ပတ်သက်လို့ လူတွေထင်ယောင်ထင်မှာဖြစ်စေမယ့် ဆေးပညာဆိုင်ရာ အယူအဆအလွဲတွေ၊ အထိတ်တလန့်ဖြစ်စေမယ့် ရောဂါပြန့်ပွားမှုဆိုင်ရာအချက်အလက်အမှားဟာ သတင်းစားသုံးသူတွေထံကို လူမှုကွန်ရက်တွေပေါ်ကနေ ထိုးဖောက်ပျံ့နှံ့ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ သတင်းအမှားဖြန့်ဝေမှုတွေကြောင့် လူမျိုးရေး၊ဘာသာရေးနဲ့ပတ်သက်တဲ့ပြသနာတွေကြုံခဲ့ရပြီးဖြစ်သလို မျက်မှောက်ကာလမှာလည်း နိုင်ငံရေး ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ နယ်ပယ်အသီးသီက သတင်းအမှားတွေရဲ့ထိုးနှက်မှုကို ကြုံနေရပါတယ်။

    ဒါ့အပြင်မကြာမီရောက်ရှိတော့မယ့် ၂၀၂၀ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကို ချွတ်ချော်စေနိုင်မယ့် သတင်းအမှားတွလည်းနေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ လက်ရှိပြည်တွင်းက သတင်းအမှားတွေနဲ့ ဒီသတင်းတု သတင်းအမှားတွေကတဆင့် လူထုနဲ့နိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်တဲ့ သတင်းအမှားတွေရဲ့ အန္တရာယ်နဲ့ပတ်သက်လို့ Boom က ပြည်တွင်းမှာရှိတဲ့ သတင်းစာဆရာတွေနဲ့ သတင်းသမားတွေရဲ့အမြင်တွေနဲ့ ၊ ဝေဖန်အကြံပြုမှုတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

    "နိုင်ငံရေး လူမျိုးရေး ဘာသာရေး အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ သတင်းမှားတွေက
    လူမှု အသိုက်အဝန်းကို အန္တရာယ်ထဲ ဆွဲသွင်းသလိုဖြစ်စေတယ်"
    


    ဦးမြင့်ကျော်

    သတင်းစာဆရာ

    သတင်းအမှားတွေရဲ့ ဦးတည်ချက်

    သတင်းမှားတွေ ပြန့်နှံ့နေရာမှာ ဆိုရှယ်မီဒီယာပလက်ဖောင်းရဲ့ လူတိုင်းတန်းတူ ရေးသားခွင့်တွေ ထုတ်ဖေါ်ပြောဆိုခွင့်တွေ နာမည်ခံ၍ဖြစ်စေ အမည်မခံပဲဖြစ်စေ ရေးသားဖေါ်ပြခွင့်ရှိနေရာကနေ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သတင်းမှားတွေ ဖြန့်ဝေမှု တိုးပွားလာတယ်လို့ မြင်ပါတယ်။ ရွေးကောက်ပွဲ၊ ကိုဗစ်နိုင်တင်း ကူးစက်ရောဂါ တို့က လူစိတ်ဝင်စားစရာ အကြောင်း ဖြစ်တာတကြောင်း ငွေကြေး သို့မဟုတ် နိုင်ငံရေး အကျိုးအမြတ် ရလိုမှုကြောင့် တကြောင်း ဖန်တီးဖြန့်ဝေလာကြတာမျိုးဖြစ်တယ်လို့ ယူဆတယ်။

    ကိုဗစ်ကာလမှာတော့ ကလစ်ဘိတ် (ငွေကြေးအလို့ငှာ သို့တည်းမဟုတ် like and follow များများရအောင် အဖြစ်အပျက်မှန်ကို လှည့်ဖျားတဲ့ ရှုထောင့် ကနေတင်ပြတာမျိုး ၊ သာသာထိုးထိုးပြောမယ့် ရှုထောင့်တွေကနေ တင်ပြတာမျိုးနဲ့ လူတွေရဲ့ စိုးရိမ်စိတ် ကို အခွင့်ကောင်းယူ ဖြန့်ချိကြတာ တွေ့ရတယ်။ ရွေးကောက်ပွဲ မတိုင်ခင်လိုကာလမှာတော့ နိုင်ငံရေးပါတီတချို့က ဆိုရှယ်မီဒီယာအကောင့်တွေကို သုံးပြီး သတင်းမှားတွေ ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းတွေတင်ပြီး ပြိုင်ဘက်ပါတီကို / ကိုယ်စားလှယ်လောင်းကို တိုက်ခိုက်တာမျိုးလုပ်ကြတယ်။

    သတင်းအမှားတွေရဲ့ အကျိုးသက်ရောက်မှူ

    သတင်းမှားတွေထဲမှာ ပျော်စေပျက်စေ သတင်းမျိုး၊ အနုပညာရှင်တွေ အကြောင်း အတင်းအဖျင်းလို သတင်းမျိုးက ကလစ်ဘိတ် ရည်ရွယ်ချက်နဲ့ဖြစ်ဖို့များပြီး လူမှုအသိုက်အဝန်းအတွက် အန္တရယ် သိပ်မရှိပေမယ့် နိုင်ငံရေး လူမျိုးရေး ဘာသာရေး အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ သတင်းမှားတွေက လူမှု အသိုက်အဝန်းကို အန္တရာယ်ထဲ ဆွဲသွင်းသလိုဖြစ်စေတယ်။ နိုင်ငံရေးအရ တိုက်ခိုက်တာမျိုးတွေကတော့ လမ်းလွဲရောက်စေတယ် အများရဲ့ သိပိုင်ခွင့်ကိုလည်း ထိပါးစေတယ်။

    သတင်းအမှားတွေရဲ့ အန္တရာယ်

    သတင်းမှားကြောင့် အကြမ်းဖက်မှု နိုင့်ထက်စီးနင်းပြုမှု လက်စားခြေမှု အမုန်းတရား တိုးပွားလာစေမှု နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်တည်တည်ငြိမ်ငြိမ် မဖြစ်သေးတဲ့နိုင်ငံတွေအဖို့ ဒီမိုကရေစီဦးတည်ချက်ကိုလည်း ထိပါးစေနိုင်ပါတယ်။

    သတင်းအမှားတွေကို လျှော့ချဖို့

    သတင်းမှားလျော့ချရေးကတော့ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခြင်း၊ သတင်းမီဒီယာ သိနားလည်မှု ပညာပေးခြင်း ဆိုးရွားစွာ အန္တရာယ်ဖြစ်စေနိုင်တဲ့သတင်းများကို ဖော်ထုတ်အရေးယူခြင်းတို့ နဲ့ တုံ့ပြန်ဆောင်ရွက်သင့်ပါတယ်။


    "သတင်းအမှားအန္တရာယ်က လူထုကြားမှာ ပဋိပက္ခတွေ ပိုမိုကြီးထွားလာပြီး တိုင်းပြည်ရဲ့လူမှု၊
    စီးပွားရေး၊နိုင်ငံရေးတွေဟာ ပိုမိုဆိုးရွားတဲ့အခြေအနေ၊ မကောင်းတဲ့စနစ်မျိုးကို ရောက်သွားဖို့ အထိဖြစ်လာနိုင်တယ်"


    ဝေမာသိမ့်
    Senior Media Trainer, အင်တာနယူးစ်

    သတင်းအမှားတွေရဲ့ ဦးတည်ချက်

    ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲ မအောင်မြင်ဖို့၊နိုင်ငံရေး မတည်ငြိမ်စေဖို့ ၊မဲဆန္ဒရှင်တွေ ဆီမှာ မှားယွင်းတဲ့အချက် အလက်တွေ၊ယုံကြည်မှုကင်းမဲ့စေတဲ့အချက်အလက်တွေ ပျံ့နှံ့စေဖို့၊ပါတီဖြစ်စေ၊ကိုယ်စားလှယ်လောင်းဖြစ်စေ၊ပါတီက ထိပ်ပိုင်းတာဝန်ရှိသူတွေဖြစ်စေ နာမည် ဖျက်ပြီး ရွေးကောက်ရှုံးနိမ့်အောင် သတင်းမှားတွေ၊ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်တဲ့ သတင်းတွေ ဖြန့် ဝေတာမျိုး လုပ်လေ့ရှိတယ်။သူတို့ဦးတည်တဲ့ လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ဂုဏ်သိက္ခာ ကျဆင်းစေသော အကြောင်းအရာတွေကို ဖော်ပြလာသလို မီဒီယာ အမည်ခံတဲ့ ဝက်ဆိုဒ်တွေ,သတင်းမီ ဒီယာအမည်ခံတဲ့ဖေ့စ်ဘွတ်အကောင့်တွေနဲ့ အမည်မဖော်တဲ့ အကောင့်ပုန်းတွေက ပိုများလာ လေ့ရှိ တယ်။

    သတင်းအမှားတွေရဲ့ အကျိုးသက်ရောက်မှူ

    သတင်းအမှားတွေ ဖြန့်တာမှာ ကျွန်မအမြင်အရဆိုရင် ၁။ သူတို့ ပြောချင်တာကို ဝါဒဖြန့်ချင်ပြီး လက်ခံလာဖို့၊တစ်ဘက်အဖွဲ့ကို ကျဆုံးစေချင်ဖို့၊သတင်းအမှားကို ယုံကြည်စေလာပြီး သူတို့ ဖြစ်စေ ချင်တဲ့ ကိစ္စတွေကို အောင်မြင်ဖို့၊သတင်းအမှား အချက်အလက်အမှား တွေကနေ ဆုံးဖြတ်ချက် အမှား တွေဖြစ်စေဖို့၊ရလဒ်တွေ အမှားတွေနဲ့ ဆောင်ရွက်မှုတွေ အားနည်းသွားစေဖို့ရည်ရွယ်ဖို့၊ရပ်တန့်သွားဖို့အပြင် အကဲဆတ်တဲ့ လူ့အဖွဲ့အစည်းအကြားမှာ အကဲဆတ်တဲ့ ကိစ္စရပ်တွေကို သတင်းတစ်ပုဒ်၊ ပုံတစ်ခု၊ပြောစကားတစ်ခု ဖန်တီးပြီး လူထုကြား အုံကြွလာဖို့၊ပိုမိုရှုပ်ထွေးလာဖို့သတင်း အမှား၊ အတု ၊ပုံအတုတွေ၊သတင်းအဟောင်းတွေ ပုံဖျက်ပြီး ဖန်တီးတာမျိုး၊တခြားနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေ အနေတွေကို ပုံဖျက်ပြီး ပြန်တင်ပြတာမျိုးတွေနဲ့ လက်ရှိအခြေအနေနဲ့ မသက်ဆိုင်တဲ့အကြောင်း အရာတွေ စပ်ဆက်ဖော်ပြတာ၊အချက်အလက်တွေကို ရောထွေမွှေနှောက် ထားတာတွေ ယုံကြည်လာအောင် သတင်းပုံစံမျိုး စနစ်တကျရေးဖွဲ့ပြီး ဖြန့်‌ဝေပြီး သူတို့ရည်ရွယ်ချက်တွေ အောင်မြင်လာဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

    သတင်းအမှားတွေရဲ့ အန္တရာယ်

    သတင်းအမှားအန္တရာယ်က လူထုကြားမှာ ပဋိပက္ခတွေ ပိုမိုကြီးထွားလာပြီး တိုင်းပြည်ရဲ့လူမှု။ စီးပွားရေး၊နိုင်ငံရေးတွေဟာ ပိုမိုဆိုးရွားတဲ့အခြေအနေ၊ မကောင်းတဲ့စနစ်မျိုးကို ရောက်သွားဖို့ အထိဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။တိုင်းပြည်မငြိမ်မသက်ဘဲ တိုင်းပြည်က ပိုပြီးဆင်းရဲ ပြသာနာတွေ ပိုများလာ၊ပဋိပက္ခတွေ ပိုဖြစ်လာပြီး..တိုင်းပြည်က ပိုရှုပ်ထွေးပြီး နိုင်ငံရေး၊စီးပွားရေး။လူမှုရေးတွေကို တခြားနိုင်ငံတွေ ကြားနောက်ကျကျန်ခဲ့ပြီး အညံ့ဆုံးနိုင်ငံထဲမှာပဲရှိနေတယ်။ နိုင်ငံအဝန်းကလူတွေကလည်း ရုပ်ပိုင်းစိတ်ပိုင်း ပိုမို အားနည်းလာမယ်လို့မြင်တယ်။

    သတင်းအမှားတွေကို လျှော့ချဖို့

    အချက်အလက်တွေအပြင် ရင်းမြစ်တွေ၊ဓါတ်ပုံတွေ၊ မှတ်တမ်းတွေကို ထပ်ခါထပ်ခါစိစစ်ဖို့လို ပါတယ်။သတင်းဌာနတိုင်းမှာ Fact checking ဌာနရှိဖို့နဲ့ သတင်းထောက်တိုင်းက အခြေခံအချက်အလက် စိစစ်ခြင်းသဘောတရားတွေကို နားလည်ဖို့လိုတယ်လို့ မြင်ပါတယ်။


    "ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ခုလုံး

    ရှေ့ဆက်မရအောင် အခက်အခဲဖြစ်သွားနိုင်တဲ့အထိ အန္တရာယ်ရှိတယ်"


    ဦးကျော်မင်းဆွေ
    Excecutive Director, MJI

    သတင်းအမှားတွေရဲ့ ဦးတည်ချက်

    သတင်းအမှားတွေ ပျံ့နှံ့နေတာက အကြောင်းအရင်းအမျိုးမျိုးရှိနိုင်တယ်။ ဒါပေမယ့် သတင်းအမှားဖြစ်နေရင်၊ အဲဒီသတင်းအမှားကို ပျံ့အောင် တမင်ဖြန့်နေတယ်ဆိုရင် သေချာတယ် နောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေပြီ။ နောက်တစ်ခုက သတင်းအမှားတွေ ဖြန့်တဲ့ ဦးတည်ပရိသတ်။ များသောအားဖြင့် ထင်ယောင်ထင်မှား ဖြစ်စေမယ့် သတင်းအမှားတွေ ဖြန့်တဲ့သူတွေက Media literacy လို့ခေါ်တဲ့ သတင်းမီဒီယာနဲ့ပတ်သက်ပြီး သိမြင်နားလည်မှု အားနည်းတဲ့သူတွေကို ပစ်မှတ်ထားလေ့ရှိတယ်။ ရည်ရွယ်ချက်ကတော့ သတင်းအကြောင်းအရာအပေါ်မှာ မူတည်ပြီး ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအရ အငြင်းပွားစရာ၊ အထင်လွဲစရာ၊ နားလည်မှုလွဲစရာဖြစ်သွားအောင် လုပ်တာပဲ။ ရွေးကောက်ပွဲ နီးလာတဲ့အတွက် နိုင်ငံရေးပါတီအချင်းချင်းအကြား၊ အင်စတီကျူူးရှင်းတွေ အချင်းချင်းအကြား၊ ပါတီနဲ့ အင်စတီကျူးရှင်း ထောက်ခံသူတွေအကြား နားလည်မှုလွဲသွားအောင် သတင်းအမှားတွေ ဖြန့်ပြီး လုပ်ကြံလေ့ရှိတယ်။

    သတင်းအမှားတွေရဲ့ အန္တရာယ်

    သတင်းအမှားတွေကြောင့် လူမျိုးစုတစ်စုနဲ့တစ်စု အကြား၊ နိုင်ငံရေးပါတီ တစ်ခုနဲ့ တစ်ခုအကြား၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အစရှိတဲ့ လက်နက်ကိုင်တွေအကြား၊ နားလည်မှုလွဲ၊ အထင်လွဲပြီး ရန်ဘက်အသွင် ပိုဆောင်သွားတတ်တယ်။ တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ မုန်းတီး ရန်လိုမှုတွေကနေ စစ်ပွဲတွေအထိ ဖြစ်လာနိုင်တယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် လက်ရှိ သွားနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ခုလုံး ရှေ့ဆက်မရအောင် အခက်အခဲဖြစ်သွားနိုင်တဲ့အထိ အန္တရာယ်ရှိတယ်။

    သတင်းအမှားတွေရဲ့ အကျိုးသက်ရောက်မှူ

    ထင်ယောင်ထင်မှားဖြစ်မှု၊ သံသယဖြစ်မှုတွေများလာ၊ အနှုတ်လက္ခဏာအမြင်၊ အဆိုးမြင်တွေ များလာပြီး အပြန်အလှန် လေးစားယုံကြည်မှု ပျောက်ဆုံးသွားနိုင်တယ်။ အဲဒါဆိုရင် နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းမှုတည်‌ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအထိ အဆိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်။

    သတင်းအမှားတွေကို လျှော့ချဖို့

    သတင်း အစစ်နဲ့ အတု ခွဲခြားတဲ့ နည်းလမ်းကို လူထုက ကျယ်ကျယ်ပြန့်ပြန့် သိအောင် လုပ်ပေးရမယ်။ လွှတ်တော်၊ အစိုးရ၊ တရားရေးမဏ္ဍိုင်နဲ့ တပ်မတေ်အပါအဝင် အင်စတီကျူးရှင်းအသီးသီး၊ နယ်ပယ်အသီးသီးက အများပြည်သူ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်မှန်သမျှ အချိန်မဆိုင်း မြန်မြန်ဆန်ဆန် သတင်းထုတ်ပြန်ပေးရမယ်။ သတင်းမီဒီယာတွေကို သတင်းစာရှင်းလင်းပွဲ ပုံမှန်လုပ်ပေးရမယ်။ ကောလာဟလ တစ်ခု၊ သတင်းမှားတစ်ခု ထွက်လာပြီဆိုရင် ပတ်သက်တဲ့ သက်ဆိုင်ရာ ဌာနတစ်ခုခုက ချက်ချင်း သတင်းစာရှင်းလင်းတာ၊ သတင်းထုတ်ပြန်ပေးတာ လုပ်ရမယ်။ လွတ်လပ်တဲ့ ပုဂ္ဂလိက ပရော်ဖက်ရှင်နယ် သတင်းမီဒီယာတွေ ရှငန်သန် ရပ်တည်နိုင်ရေး တတ်နိုင်တဲ့ နည်းလည်းနဲ့ အားပေးကူညီပေးရမယ်။ သတင်းအတု၊ သတင်းအမှားတွေ ဖြန့်ချိနေတဲ့ ပေ့ချ်တွေ၊ ရင်းမြစ်တွေကို စုံစမ်းဖော်ထုတ်ပြီး တည်ဆဲ ဥပဒေအရ အရေးယူရမယ်။


    "အချို့ သတင်းတု သတင်းမှား တွေ က စလိုက်တဲ့ ဖြစ်ရပ်တွေဟာ အသက်သေဆုံးတဲ့အထိ

    ကြီးကျယ်တဲ့ ပဋိပက္ခ တွေ ထိ ဖြစ်နိုင်တယ်ဆိုတာ သာဓကတွေလည်း ရှိပြီးဖြစ်ပါတယ်"



    ဒေါ်တင်ဇာအောင်
    Secretary - Myanmar women journalists society

    သတင်းအမှားတွေရဲ့ ဦးတည်ချက်

    သတင်းမှားတွေ လုပ်ကြံ ဖန်တီးထားတဲ့ သတင်းတု သတင်းယောင်တွေဟာ ကိုဗစ် ၁၉ ကာလမှာရော ရွေးကောက်ပွဲ နီးလာတဲ့ ကာလမှာရော တော်တော်လေးကို ပျံ့နှံ့လာတာကို တွေ့ ရပါတယ်။ သတင်းတု သတင်းမှားတွေဟာ တစ်စုံတစ်ရာ အကျိုးအမြတ်ကြောင့် ရည်ရွယ်ချက် ရှိရှိ ဖြန့်တာရှိသလို ၊ ကိုယ်တိုင် တောင် ရည်ရွယ်ချက် မရှိဘဲ ဖြန့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရည်ရွယ်ချက်လို့ ပြောမယ် ဆိုရင်တော့ အကျိုးအမြတ် တစ်စုံတစ်ရာ ရှိနိုင်တာကြောင့် ဖြန့်တယ်လို့ ယေဘူယျတော့ ကောက်ချက်ချနိုင်မယ် ထင်ပါတယ်။

    သတင်းအမှားတွေရဲ့ အန္တရာယ်

    တော်တော်ကို အန္တရာယ် ကြီးပါတယ်။ သတင်းတု သတင်းမှားတွေဟာ အင်တာနက် ဒစ်ဂျစ်တယ်ခေတ်မှာ လူအများဆီကို အမြန်ဆုံး အလွယ် တကူ ရောက်ရှိသွားနိုငပါတယ်။ အဲဒီကနေ တဆင့် မြေပြင် တကယ့် ဘဝတွေကို ထိခိုက်စေပါတယ်။ အင်တာနက်ပေါ်မှာ သတင်းမှားတယ် ဆိုပြီး လွယ်လွယ် နဲ့ပြီးသွားတာမျိုး မဟုတ်ဘဲ လက်တွေ့ ဘဝတွေမှာပါ လာထိခိုက်နိုင်တယ်။ ဆုံးဖြတ်ချက်တွေ မှားသွားနိုင်တယ်။ ပဋိပက္ခတွေ ဖြစ်ပေါ်စေနိုင်တယ်။ အချို့ သတင်းတု သတင်းမှား တွေ က စလိုက်တဲ့ ဖြစ်ရပ်တွေဟာ အသက်သေဆုံးတဲ့အထိ ကြီးကျယ်တဲ့ ပဋိပက္ခ တွေ ထိ ဖြစ်နိုင်တယ်ဆိုတာ သာဓကတွေလည်း ရှိပြီးဖြစ်ပါတယ်။

    သတင်းအမှားတွေရဲ့ အကျိုးသက်ရောက်မှု

    အမှန်တရားက ဖိနပ်စီးနေတုန်းပဲ ရှိနေချိန်မှာ မုသားက ကမ္ဘာပတ်နေပြီ ဆိုသလိုပါပဲ သတင်းတု သတင်းမှားတွေဟာ ပဋိပက္ခတွေ ဖြစ်ပေါ်စေတဲ့အထိ ဖြစ်နိုင်တယ်။ နောက်က လိုက်ရှင်းတဲ့ သတင်းမှန်က နောက်မှ လူအဖွဲ့အစည်းက ထိခိုက်ပြီးပြီ။ နောက်ပြီးတော့ ဆုံးဖြတ်ချက်ဆိုင်ရာတွေကို လိုသလို လှည့်ဖျားသွားမယ် ဆိုရင်လည်း အန္တရာယ် ကြီးပါတယ်။

    သတင်းအမှားတွေကို လျှော့ချဖို့

    အားလုံးက ပူးပေါင်း ဆောင်ရွက်ကြဖို့ပါပဲ။ သတင်းမှန်တယ် မှားတယ် မသေချာရင် မရှယ်ဖို့။ သတင်းတု သတင်းယောင်တွေ တင်နေတဲ့ ပေ့ချ်တွေ ကို သိခဲ့ရင် တုံ့ပြန်မှု လုပ်ဖို့၊ ကိုယ့်ကြောင့် သတင်းမှား မဖြန့်ဖို့က အရေးကြီးပါတယ်။ သတင်းသမားတွေ အနေနဲ့ ဆိုရင်လည်း သတင်းမှန်ကို အမြန်ဆုံး ပြည်သူကို တင်ပြနိုင်ဖို့ အရေးကြီးတယ်။ ပြည်သူတွေရဲ့ မီဒီယာအပေါ် သိနားလည်မှုကလည်း အရေးကြီးပါတယ်။ အဲဒီလို သိနားလည်မှု တိုးမြင့်လာဖို့လည်း အသိပညာ မြှင့်တင်မှုတွေ လိုအပ်ပါတယ်။

    Tags

    fake newsmisinfomationDisinfomationFalsenewsMyanmar
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!