BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအမှား
  • ပါရာစီတမော၊ ဒေါ်နယ်ထရမ့်နဲ့ ဆေးပညာ...
သတင်းအမှား

ပါရာစီတမော၊ ဒေါ်နယ်ထရမ့်နဲ့ ဆေးပညာ အချက်အလက်

ကိုယ်ဝန်ဆောင်ချိန် အကိုက်အကဲပျောက်ဆေး တိုင်လီနော (ပါရာစီတမော) သောက်တာဟာ မွေးလာမယ့် ကလေးတွေမှာ အော်တစ်ဇင် ဖြစ်ပွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောဆိုခဲ့မှုက တော်တော်လေးဂယက်ရိုက်ခဲ့ပါတယ်။ မေးစရာရှိတာက ပါရာစီတမောက မွေးလာမယ့်ကလေးကို အော်တစ်ဇင်ဖြစ်နိုင်သလားဆိုတာပါ။

By - Boom Live Myanmar |
Published -  24 Sept 2025 7:55 PM IST
  • ပါရာစီတမော၊ ဒေါ်နယ်ထရမ့်နဲ့ ဆေးပညာ အချက်အလက်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အကိုက်အကဲပျောက်ဆေး တိုင်လီနော (ပါရာစီတမော) သုံးစွဲမှုက အော်တစ်ဇင်ဖြစ်တဲ့ ကလေးတွေ မွေးဖွားနိုင်ခြေနဲ့ ဆက်စပ်နေတယ်လို့ စက်တင်ဘာ ၂၂ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ သူဒီလိုပြောဆိုပြီးနောက်မှာပဲ ဒီအကြောင်းအရာကို လူမှုမီဒီယာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖြန့်ဝေပြီး ဒေါ်နယ်ထရမ့် ပြောဆိုခဲ့တာကို ထောက်ခံသူတွေ ရှိသလို သိပ္ပံတွေ့ရှိချက်တွေနဲ့ ကွဲလွဲနေတယ်ဆိုပြီး ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    ထရမ့်ဟာ ဒီကြေညာချက်ကို ကျန်းမာရေးဝန်ကြီး ရောဘတ်အက်ဖ်ကနေဒီ ဂျူနီယာနဲ့အတူ အိမ်ဖြူတော်က ဘဲဥပုံ ရုံးခန်းမှာ ကြေညာခဲ့တာပါ။

    ဒါကို ပြည်တွင်းကဖြန့်ဝေမှုတွေမှာတော့ ‘အရေးကြီးသတင်း။ ကိုယ်ဝန်ဆောင်ကာလ Tylenol ခေါ် ပါရာစီတီမော သောက်ပါက မွေးလာသော ကလေးတွင် autism ရောဂါ ပါလာနိုင်တယ် လို့ အမေရိကန်နိုင်ငံ အစိုးရ က ပြောပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း ကမ္ဘာမှာ Autism ကလေးတွေ ဘာလို့ သိပ်များလာတာလဲ လို့ အကြောင်းကို လိုက်ရှာတဲ့ အခါ ပါရာစီတမော့ ရဲ့ ဓါတုဓါတ် acetaminophen နဲ့ autism ရောဂါ ဆက်စပ်နေတယ် လို့ အမေရိကန်အစိုးရ က ပြောပါတယ်။ သမ္မတ ထရန့်ကတော့ အကယ်၍ ကိုယ်ဝန်ဆောင်ချိန်ကာလ အဖျားကြီးနေလို့ မသုံးမဖြစ်ဆိုရင်တော့ Tylenol/ ပါရာစီတီမော ကို သုံးချင်သုံးပါတဲ့၊ တော်ရုံ အကိုက်အခဲ အတွက်ဆိုရင်တော့ Tylenol/ ပါရာစီတီမော မသောက်ကြပါနဲ့ Autism နဲ့ ဆေး ဆက်စပ်မှုတွေ တွေ့တယ်လို လူ ကိုယ်တိုင် ထွက်ပြောပါတယ်။ မွေးကင်းစ ကလေးတွေကိုလည်း ပါရာစီတီမောပါတဲ့ အဖျားကျဆေး လုံးဝ မတိုက်ပါနဲ့တဲ့၊ တခြားနည်း မရှိမှ တိုက်ပါတဲ့။ ထရန့်ရဲ့ အနှစ်ချုပ်ကတော့- ကိုယ့်ရင်သွေး အော်တစ်ဇင်ရောဂါ Autism မဖြစ်စေချင်ရင်- ၁။ ကိုယ်ဝန်ဆောင်ချိန် မိခင်များ ပါရာစီတီမော မသုံးရ။ ၂။ ကလေးငယ် များ ပါရာစီတီမော မသုံးရ။ ၃။ လူကြီးတွေသုံးပါက Autism အန္တရာယ် မရှိပါ’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖေစ်ဘွတ်လို လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမှန်တကယ် ပြောဆိုထားတာတွေကိုပဲ ပြန်လည်ဖြန့်ဝေထားတာ ဖြစ်ပေမယ့် ကမ္ဘာအရပ်ရပ်က သိပ္ပံပညာရှင်တွေနဲ့တော့ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။

    ထရမ့်ရဲ့ အခုကြေညာချက်ဟာ ဆယ်စုနှစ်ပါင်းများစွာပြုလုပ်ထားတဲ့ သိပ္ပံနည်းကျ တွေ့ရှိချက်တွေပေါ်မှာ အခြေခံထားတာ မရှိဘူးဘူးလို့ Texas University က အော်တစ်ဇင်ဆိုင်ရာ ကျွမ်းကျင်သူနှင့် သုတေသီ ဒေါက်တာ Audrey Brumback က ပြောဆိုတဲ့အကြောင်း ရိုက်တာသတင်းဌာနနဲ့ The Guardian သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


    ဆေးဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီး သင်ကြားထားတာ မရှိတဲ့ အမေရိကန်သမ္မတရဲ့ အကြံပေးချက်ဟာ ဆေးပညာ အသိုင်းအဝိုင်း‌ရဲ့ အကြံပေးချက်တွေနဲ့ ဆန့်ကျင်နေကြောင်း၊ လေ့လာမှုများစွာရဲ့ အချက်အလက်တွေအရ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အက်စီတာမီနိုဖင် (ပါရာစီတမော) ကို ဘေးကင်းကင်းနဲ့ အသုံးပြုနိုင်ကြောင်းတွေ ပြောဆိုထားပါတယ်။

    ရိုက်တာသတင်းဌာနနဲ့ The Guardian သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ထရမ့်ရဲ့ ပြောဆိုမှုနဲ့ ပက်သတ်ပြီး အက်စီတာမီနိုဖင် (ပါရာစီတမော)နဲ့ အော်တစ်ဇင်ကြား ဆက်စပ်မှု ရှိတယ်ဆိုတဲ့ အထောက်အထေားတွေဆိုပြီး အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးကနေ စက်တင်ဘာ ၂၂ နေ့မှာ ထုတ်ပြန်လာပါတယ်။

    ထုတ်ပြန်ချက်ထဲမှာ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ထားတဲ့ The Nurses’ Health Study II နဲ့ the Boston Birth Cohort အစီရင်ခံစာ ၂ စောင်၊ ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှု အနည်းငယ်သာ ပြုလုပ်ထားတယ်လို့ ရေးသားထားတဲ့ အစီရင်ခံစာ ၁ စောင်၊ Harvard University က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ ၁ စောင်၊ Johns Hopkins University က ထုတ်ပြန်တဲ့ အစီရင်ခံစာ၊ ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားတဲ့ Mount Sinai ရဲ့ အစီရင်ခံစာနဲ့ ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်စောင်ကို ကိုးကားထားပါတယ်။


    ဒီကိုးကားချက်တွေထဲမှာ အချို့အစီရင်ခံစာတွေမှာ လေ့လာမှု အနည်းငယ်သာလုပ်ထားတယ်လို့ အတိအလင်း ရေးသားထားတဲ့ အစီရင်ခံစာတွေရှိသလို Harvard University က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ စက်တင်ဘာ ၂၃ ဒီနေ့ ရက်စွဲနဲ့ updated လုပ်ထားတဲ့ အစီရင်ခံစာတွေလည်း တွေ့ရပါတယ်။

    Johns Hopkins University ရဲ့ အစီရင်ခံစာဆိုပြီး ပေးထားတဲ့ လင့် ဟာလည်း လင့်သေနေပြီး ဝင်ရောက်ကြည့်ရှု့လို့ မရတာ တွေ့ရပါတယ်။

    အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးရဲ့ ကြေညာချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အမျိုးသမီးကျန်းမာရေးနဲ့ ပက်သတ်ပြီး သုတေသနပြုလုပ် ရေးသားဖော်ပြနေတဲ့ JAMA ရဲ့ ၂၀၂၄ ခုနှစ် ဧပြီ ၉ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ကိုယ်ဝန်ဆောင်စဉ် အက်စီတာမီနိုဖင် (ပါရာစီတမော) အသုံးပြုခြင်းဟာ အော်တစ်ဇင်ဖြစ်ပွားတာနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေပြချက် မရှိသေးသလို ADHD သို့မဟုတ် ဉာဏ်ရည် ဉာဏ်သွေးချို့ယွင်းမှု ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ရေးသားထားပါတယ်။

    Society for Maternal-Fetal Medicine က ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ အက်စီတာမီနိုဖင်ကို ကိုယ်ဝန်ဆောင်စဉ် ဖျားနာတာတွေနဲ့ နာကျင်တာတွေ သက်သာစေဖို့ အသုံးပြုနိုင်ကြောင်း၊ အဆိုပါ အခြေအနေတွေကို ကုသမှုမပြုပဲ ထားပါက မိခင်နဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် သိသာထင်ရှားတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဥပမာအနေနဲ့ ကိုယ်ဝန် ပျက်ကျတာ၊ မွေးရာပါချို့ယွင်းချက်တွေနဲ့ လမစေ့ဘဲ မွေးဖွားတာတွေ ဖြစ်ပေါ်စေနိုင်ကြောင်း ရေးသား ထားပါတယ်။


    JAMA ရဲ့ အစီရင်ခံစာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် အက်စီတာမီနိုဖင် အသုံးပြုခြင်းက မေးလာမယ့် ကလေးမှာ အော်တစ်ဇင် နဲ့ ADHD ဖြစ်လာနိုင်ခြေ များတဲ့ အန္တရာယ်ရှိတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကလည်း စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

    ဒီလို ထုတ်ပြန်ထားပေမယ့် US FDA ရဲ့ ထုတ်ပြန်ချက်မှာ မရေရာတဲ့ အချက်အလက်တွေ ပါရှိနေပါတယ်။


    FDA Commissioner Marty Makary က ဒီလို အထောက်အထားတွေ ရှိနေပေမဲ့လည်း ရွေးချယ်မှုကတော့ မိဘတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကြိုတင်ကာကွယ်ရေးမူအရ၊ ကိုယ်ဝန်ဆောင်စဉ် အက်စီတမီနိုဖင်ကို အသုံးပြုခြင်းကို လူအများအပြားက ရှောင်ကြဉ်နိုင်ပါတယ်။ အထူးသဖြင့် အဖျားနည်းနည်းရှိတာက ကုသဖို့ မလိုအပ်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အချို့သော အခြေအနေတွေမှာ အက်စီတမီနိုဖင်ကို အသုံးပြုတာကတော့ ကျိုးကြောင်း ဆီလျော်မှုရှိနေတုန်းပါပဲ” လို့ ပြောဆိုထားပါတယ်။

    ဒါ့အပြင် ထုတ်ပြန်ချက်ရဲ့ အောက်ဆုံးအပိုဒ်မှာ အက်စီတမီနိုဖင်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကြား ဆက်စပ်မှုကို လေ့လာမှုများစွာမှာ ဖော်ပြထားပေမဲ့၊ ဒါကြောင့် ဖြစ်ရပါတယ်ဆိုတဲ့ အကြောင်းအကျိုး ဆက်စပ်မှု (causal relationship) အချက်ကို အတည်မပြုနိုင်သေးဘူးဆိုတာ မှတ်ထားဖို့ အရေးကြီးကြောင်း၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သိပ္ပံနည်းကျ တွေ့ရှိချက် တွေလည်း ရှိနေကြောင်း၊ ဒါ့အပြင် အက်စီတမီနိုဖန်ဟာ ကိုယ်ဝန်ဆောင်စဉ် အဖျားကို ကုသဖို့အတွက် ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူနိုင်တဲ့ တစ်ခုတည်းသော ဆေးဝါးဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အဖျားကြီး တာက သူတို့ရဲ့ ကလေးငယ်တွေအတွက် အန္တရာယ်ရှိနိုင် ကြောင်းနဲ့ အခြား အက်စ်ပရင်နှင့် အိုင်ဘူပရိုဖန်တို့ဟာ သန္ဓေသားကို အန္တရာယ် ဖြစ်စေတယ်လို့ ရေးသားထားပါတယ်။

    အမေရိကန်ပြည်ထောင်စု FDA ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အော်တစ်ဇင်ဆိုတာ ဘာလဲ

    အော်တစ်ဇင်ဆိုတာ ကလေးဘဝမှာ စတင်တွေ့ရှိရလေ့ရှိတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပုံမမှန်ခြင်းဖြစ်ပါတယ်။

    အော်တစ်ဇင် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် စတင်ပြေားလဲလာတဲ့ 2000 ခုနှစ် အစောပိုင်းတွေမှာ အော်တစ်ဇင် ဖြစ်ပွားမှုနှုန်းဟာ ကလေး ၁၅၀ မှာ ၁ ယောက်ဖြစ်မယ်လို့ ခန့်မှန်းထားပေမယ့် နောက်ဆုံးခန့်မှန်းမှုအရ ကလေး ၃၁ ယောက်မှာ ၁ ယောက်က ဖြစ်နေတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

    အော်တစ်ဇင် ကလေးတယောက်နဲ့ တယောက်ဟာ ပုံမမှန်ဖြစ်မှု ထပ်တူမညီကြဘဲ ယေဘုယျအားဖြင့် (၁) ပြောဆို ဆက်သွယ်မှု အားနည်းခြင်း၊ (၂) လူမှုပေါင်းသင်းဆက်ဆံမှု ခက်ခဲခြင်း၊ (၃) ထပ်တလဲလဲ ပြုလုပ်တတ်တဲ့ အမူအကျင့် ရှိခြင်း စတဲ့ အခြေခံလက္ခဏာ ၃ ခုကို တွေ့ရပါတယ်။

    အော်တစ်ဇင်လေးတွေဟာ စကားပြော နောက်ကျလေ့ရှိပြီး ၂၅% သော အော်တစ်ဇင် ကလေးများ စကားမပြောနိုင်ကြပါ။ စကားပြောလျှင်လည်း လုံးစေ့ပတ်စေ့ ပြောဖို့ ခက်နေတတ်ပါတယ်။

    အော်တစ်ဇင်တွေမှာ ဥာဏ်ရည်နိမ့်တဲ့ ကလေးတွေ ရှိသလို သာမန်ထက် ဉာဏ်ရည် ပိုမြင့်တဲ့ အော်တစ်ဇင်လေးတွေလည်း ရှိနေတတ်ပါတယ်။ ဒါပေမယ့် လူအများနဲ့ လိုက်လျောညီထွေဖြစ်အောင် မနေတတ်၊ မပေါင်းသင်းတတ်ကြပါ။

    တိုင်လီနော (Tylenol) ဆိုတာ ဘာလဲ

    တိုင်လီနောကို ဆေးကောင်တာမှာ အလွယ်ရနိုင်တဲ့ အကိုက်အခဲပျောက်ဆေးဖြစ်ပြီး သူ့မှာ ပါဝင်ပစ္စည်းကိုတော့ အက်စီတာမီနိုဖင် လို့ သိကြပါတယ်။ အမေရိကန်နိုင်ငံ ပြင်ပနိုင်ငံအများစုမှာ ပါရာစီတမောလို့ ခေါ်ပါတယ်။

    တံဆိပ်အမျိုးမျိုး၊ နာမည်အမျိုးမျိုး ရောင်းချပြီး မွေးကင်းစနဲ့ ကလေးငယ်တွေပါ သောက်နိုင်တဲ့ပုံစံနဲ့ ထုတ်လုပ်ပါတယ်။ ပါရာစီတမောဟာ ကမ္ဘာတဝန်းမှာ နာကျင်မှုနဲ့ အဖျားသက်သာဖို့ အိမ်တိုင်းဆောင်တဲ့ဆေးလည်းဖြစ်ပါတယ်။

    Tags

    ကျန်းမာရေးအသိပညာပေးကျန်းမာရေးအချက်အလက်အမှားဆေးသုတေသနသုတေသနမရှိmisleadingFalsenewsဒေါ်နယ်ထရမ့်Donald Trump
    Read Full Article
    Claim :   ကိုယ်ဝန်ဆောင်ချိန် ပါရာစီတမောသောက်ပါက ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!