BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအမှား
  • ခံတွင်းသန့်ဆေးတွေက ကိုဗစ် ၁၉...
သတင်းအမှား

ခံတွင်းသန့်ဆေးတွေက ကိုဗစ် ၁၉ ကာကွယ်နိုင်တယ်ဆိုတဲ့သတင်းတွေကို မယုံပါနဲ့

ခံတွင်းဆေးရည် (Mouthwash) ရောင်းချတဲ့ ကုမ္ပဏီတချို့က သူတို့ထုတ်ကုန်ပစ္စည်းတွေကို အွန်လိုင်းပေါ်မှာ ကြော်ငြာတင်ရောင်းချတာမှာ အာလုပ်ကျင်းဆေးရည်မှာ ပါဝင်တဲ့ ပိုးသတ်အာနိသင်က COVID-19 ရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်တယ်လို့ကြော်ငြာပြီးရောင်းချတာတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ ခံတွင်းသန့်ဆေးတွေဟာ တကယ်ပဲ ကိုဗစ် ၁၉ ကိုကာကွယ်နိုင်တဲ့အာနိ သင်ရှိမရှိဆိုတာနဲ့ လက်ရှိရည်ညွှန်းထားတဲ့ သုတေသနပြုချက်က အချက်အလက်အသေးစိတ်ကို စိစစ်ရှင်းလင်းပေးသွားမှာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 May 2020 8:26 PM IST
  • ခံတွင်းသန့်ဆေးတွေက ကိုဗစ် ၁၉ ကာကွယ်နိုင်တယ်ဆိုတဲ့သတင်းတွေကို မယုံပါနဲ့

    ဒီကြော်ငြာမျိူးနဲ့ပတ်သက်တဲ့ နမူနာကိုကြည့်ရအောင်ပါ။ Betadine Myanmar ဆိုတဲ့အမည်နဲ့ ဖေ့စ်ဘွတ်ပေချ့်က "သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိချက်အရ အာလုပ်ကျင်းဆေးရည်တွင်ပါဝင်သော ပိုးသတ်အာနိသင်သည် COVID-19 ရောဂါပိုး ကူးစပ်မှု ကာကွယ်နိုင်ကြောင်း သိရှိရပါသည်" လို့ ရေးသားဝေမျှထားတာကိုတွေ့ရမှာပါ။ဒီသတင်းအကြောင်းကိုမပြောခင်မှာ သတင်းဝဘ်ဆိုက်အကြောင်းကို ပြန်ပြောရပါမယ်။ တကယ်တော့ ဒီသတင်းဟာ သတင်းအတုတွေ၊ သတင်းအမှားတွေ နဲ့လုပ်ကြံဖန်တီးထားတဲ့သတင်းတွေ တင်တဲ့နေရာမှာနာမည်ကြီးတဲ့ Dailymail ဝဘ်ဆိုက်မှာ မေလ ၁၄ ရက်နေ့က ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ဒီသတင်းကို Dailymail ကဖော်ပြရာမှာ "ခံတွင်းဆေးရည်က COVID-19 ကူးစက်မှုကို ဟန့်တားနိုင်ရန် အလားအလာရှိတယ်လို့ သိပ္ပံပညာရှင်တွေပြောကြား" ဆိုပြီး အလားအလာရှိကြောင်းသာ ရေးသားခဲ့ပြီး အတွင်းစာကိုယ်မှာလည်း အောက်စ်ဖို့ဒ်တက္ကသိုလ် ပုံနှိပ်တိုက်ရဲ့အွန်လိုင်းဂျာနယ် 'Function' မှာ ဖော်ပြခဲ့တဲ့ သုတေသနစစ်တမ်းတစ်ခုကို ကိုးကားကာ-

    ခံတွင်းဆေးရည် (Mouthwash)နဲ့ ပလုပ်ကျင်းတာဟာ ကိုယ်တွင်းဆဲလ်တွေထဲကို COVID-19 ရောဂါပိုး မကူးစက်ခင် သေစေနိုင်တဲ့ အလားအလာရှိကြောင်း၊ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ် (SARS-CoV-2)ဟာ အပေါ်က အဆီတစ်လွှာထပ်မံဖုံးအုပ်ထားတဲ့ 'Enveloped virus' ဖြစ်တာကြောင့် အချို့သော ဓာတုပစ္စည်းတွေကို ခုခံနိုင်စွမ်းမရှိကြာင်းစတာတွေပါရှိပါတယ်။

    အဲ့ဒီအပြင်ခံတွင်းဆေးရည်ရဲ့ ထိရောက်မှုအတိုင်းအတာကို စမ်းသပ်စစ်ဆေးမှုတွေ အရေးပေါ်ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ သွားဘက်ဆိုင်ရာရောဂါတွေအတွက် အသုံးများတဲ့ ခံတွင်းဆေးရည်တွေမှာ Chlorhexidine, Cetylpyridinium chloride, Hydrogen peroxide, Povidone- iodine စတဲ့ ဓာတုဒြပ်ပေါင်းနဲ့ ပိုးသတ်ဆေးတွေ ပါဝင်တာကြောင့် ရောဂါကူးစက်မှုကို ကာကွယ်နိုင်မယ့် အလားအလာရှိတယ် လို့သုံးသပ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကတော့ ခံတွင်းဆေးရည်နဲ့ ပလုပ်ကျင်းတာဟာ COVID-19 ရောဂါပိုးကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ ကြေငြာထားကြောင်း၊ ဒီသုတေသန ခေါင်းဆောင်ကိုယ်တိုင်က ဒါက လေ့လာနေတုန်းအဆင့်မှာသာ ရှိတဲ့အတွက် WHO က သတ်မှတ်ထားတဲ့ ရောဂါကာကွယ်နည်းတွေကိုသာ ဆက်လက်လိုက်နာဘို့ ပြောဆိုထားကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ဒါဟာ ဒီခံတွင်းသန့်ဆေးတွေအသုံးပြုပြီး ကာကွယ်လို့ရပြီဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ ဒီသုတေသနသာ တကယ်မှန်ကန်အောင်မြင်ခဲ့ပါမှ ကာကွယ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

    Dailymail ရဲ့ ဖော်ပြချက်မှာကိုက "ကာကွယ်ဘို့ အလားအလာရှိတယ်" လို့ပဲ ပြောထားတာဖြစ်ပြီး "ကာကွယ်နိုင်တယ်" လို့ ရေးသားထားခြင်း မရှိပါဘူး။ ဒီသတင်းကို ခံတွင်းဆေးရည် ရောင်းချသူအချို့က သူတို့ကုန်ပစ္စည်းရောင်းအားတက်စေဘို့ ပြုပြင်ရေးသားကာ ပြန်လည်ဖြန့်ဝေနေတာ တွေ့ရပါတယ်။

    ဒီလို ခံတွင်းဆေးရည်က COVID-19 ရောဂါးပိုးကူးစက်မှုကို ကာကွယ်နိုင်တယ်ဆိုပြီး ပြောဆိုရောင်းချနေတာဟာ သုတေသနစာတမ်း မထွက်မီ ပြီးခဲ့တဲ့ မတ်လ ကတည်း ကပင် ဖြစ်ပါတယ်။

    အောက်ဖော်ပြပါ ပုံကိုကြည့်ပါ။


    Betadine Myanmar ရဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။ ခံတွင်းဆေးရည်ရောင်းချတဲ့ နောက်ထပ် UniqueCare Pharmaceutical Co., Ltd. ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း အလားတူပုံစံမျိုး ကြေငြာပြီးရောင်းချနေတာ တွေ့ရပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့ပါ။


    ဒီလို အာလုပ်ကျင်းဆေးရည်မှာ ပါဝင်တဲ့ ပိုးသတ်အာနိသင်က COVID-19 ရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်တယ်လို့ ထင်မြင်နေမှုများ၊ ထင်ယောက်ထင်မှားဖြစ်စေနိုင်တဲ့ ဖြန့်ဝေမှုတွေထဲမှာ အနုပညာရှင်များ ပါဝင်သလို နာမည်ကြီး သတင်းဌာနများပင် ပါဝင်နေကြောင်း လေ့လာတွေ့ရှိရပါတယ်။

    Betadine Myanmar ရဲ့အာလုပ်ကျင်းရည်နဲ့ ပါတ်သတ်ပြီး ကြော်ငြာဆန်တဲ့ အရေးအသားမျိုးသတင်းတစ်ပုဒ်ကိုတော့ Mizzima သတင်းဌာနနဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ ၂၄ ရက်နေ့က ဖော်ပြထားတာကိုတွေ့ရပါတယ်။

    ဒီလိုရေးသားရာမှာ "ပြည်သူများရှေ့မှ မားမားမတ်မတ်ကာကွယ်ရပ်တည်ပေးနေသော ကျန်းမာရေးဝန်ထမ်းများအတွက် ဘီတာဒိုင်းမှ ခံတွင်းနှင့် အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ပိုးများမဝင်စေရန် ကာကွယ်ပေးနိုင်သော ဆေးများဖြစ်သည့် ပလုပ်ကျင်းဆေးရည်နှင့် နှာခေါင်းဖျန်းဆေး (လူကြီး/ကလေး) များကို လိုက်လံလှူဒါန်းခဲ့ကြောင်း ကြားသိရသည်။ ဆိုတဲ့ အရေးအသားအပြင် နောက်ဆုံးအပိုဒ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိစေရန် လက်ဆေးခြင်းနဲ့ Mask တပ်ခြင်းက လုံလောက်ခြင်းမရှိကြောင်းနှင့် အသက်ရှူလမ်းကြောင်းနဲ့ ခံတွင်းမှ ရောဂါပိုးကူးစက်မှုမရှိစေရန် ကာကွယ်ဖို့ကလည်း အဓိကလိုက်နာရမည့်အချက်ဖြစ်တယ်ဆိုပြီး ခံတွင်းဆေးရည်သုံးစွဲစေရန် ရည်ရွှယ်တဲ့ အရေးအသားမျိုးနဲ့ ရေးသားထားတာလည်း တွေ့ရပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။

    Mizzima ရဲ့သတင်းဖေါ်ပြချက်ကိုကြည့်ရင် တစ်ပုဒ်လုံးမှာ သတင်းမဆန်တဲ့ ကြော်ငြာအရေးအသားမျိူးတွေပါဝင်ပြီး ဒီအခြေအနေဟာ ခံတွင်းသန့်ဆေး Company ကပေးပို့တဲ့သတင်းကို ကြော်ငြာအဖြစ်ထည့်သွင်းထားတာလို့ယူဆလို့ရပါတယ်။ ဒါပေမယ့် ဒီဖေ့စ်ဘွတ်ပို့စ်မှာတော့ ဒါဟာ ကြော်ငြာသာဖြစ်ကြောင်း သိသာထင်ရှားစေတဲ့အသိပေးမှူမျိူးမပါဝင်ပါဘူး။

    သတင်းဆန်းစစ်ချက်

    ပထမဆုံး အနေနဲ့ ဒီလို ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းတာဟာ COVID-19 ရောဂါပိုးကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြီးခဲ့တဲ့ ဖေေါ်ဝါရီလအတွင်းကတည်းက ကြေငြာထားပြီးသားဖြစ်ပါတယ်။ အောက်ပါ ပုံကို ကြည့်ပါ။ ဒီနေရာမှာ မူရင်းကြေငြာချက်ကို ဖတ်ရှု့နိုင်ပါတယ်။


    သို့ရာတွင် BOOM အနေနဲ့ အသစ်သစ်သော တွေ့ရှိချက်များ ဖြစ်နေနိုင်တဲ့ အတွက် ထပ်မံဆန်းစစ်ခဲ့ပါတယ်။ ဒီလိုဆန်းစစ်ရာမှာ ယူကေနိုင်ငံ တက္ကသိုလ်တခုဖြစ်တဲ့ ကာဒစ်တက္ကသိုလ် ရဲ့ မေလ ၁၄ ရက်နေ့ ထုတ်ပြန်တဲ့ သတင်းမှာ "SARS-CoV-2 ရောဂါကူးစက်မှုလျော့ချရန် အာလုပ်ကျင်းရည်နဲ့ ပါတ်သတ်တဲ့ လေ့လာမှုအမြန်ဆုံးပြုလုပ်ဘို့ သိပ္ပံပညာရှင်တွေ တိုက်တွန်း" လို့ဖေါ်ပြထားပြီး လေ့လာမှုအသေးစိတ်ကို အောက်စ်ဖို့ဒ်တက္ကသိုလ်ပုံနှိပ်တိုက်ရဲ့ 'Function' အွန်လိုင်းဂျာနယ်မှာ ရေးသားဖော်ပြ ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ကာဒစ်တက္ကသိုလ်ရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီနေရာမှာ ဖတ်ရှု့ပါ။ 'Function' အွန်လိုင်းဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုအသေးစိတ်ကို PDF ဖိုင် နဲ့ ဖတ်ရှု့ရန် ဒီနေရာမှာ ဒေါင်းလုတ် ရယူနိုင်ပါတယ်။

    ယခုလေ့လာမှုကို ကာဒစ်တက္ကသိုလ်မှ ပါမောက္ခ ဗယ်လာရီအိုဒွန်နဲလ် (Professor Valerie O'Donnell) ဦးဆောင်ပြုလုပ်ခဲ့ပြီး ကာဒစ်ဆေးတက္ကသိုလ်မှ သုတေသနပြုလုပ်သူများ ပါဝင်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။


    အထက်ပါ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ပါမောက္ခ ဗယ်လာရီအိုဒွန်နဲလ် ရဲ့ ပြောစကားများအရ ယခုထုတ်ပြန်ချက်ဟာ သုတေသနပြုလုပ်ဆဲ အဆင့်သာရှိသေးပြီး အာလုပ်ကျင်းရည်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်နိုင်လားဆိုတာ စမ်းသပ်မှုမပြုလုပ်ရသေးကြောင်း၊ လူတွေအနေနဲ့ ရောဂါကာကွယ်ဘို့ မကြာခနလက်ဆေးခြင်း၊ တယောက်နဲ့ တယောက် ခပ်ခွာခွာနေခြင်း စတဲ့ ယူကေအစိုးရက ချမှတ်ထားတဲ့ နည်းလမ်းများကို လိုက်နာသင့်ကြောင်းပြောဆိုထားတာပါ။ ဒါကို ကြည့်ရင် ဒီသုတေသနကို အတည်ပြုဘို့ အဆင့်များစွားလိုသေးပြီး အာလုပ်ကျင်းရည်နဲ့ ခံတွင်းဆေးကြောခြင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်တယ်ဆိုတာ တရားဝင်ထုတ်ပြန်ထားတာမျိုး မရှိကြောင်းသိရမှာပါ။

    နာမည်ကြီးအာလုပ်ကျင်းရည်တံဆိပ် Listerine ကလည်း သူ့ရဲ့ဝဘ်ဆိုက်မှာ ဒီဗိုင်းရပ်စ်နဲ့ ပါတ်သတ်ပြီး သူ့ဆေးရည်ဟာ ကာကွယ်နိုင်လား ဆိုတာကို သုံးစွဲသူတွေသိရှိဖို့ တရားဝင်ဖော်ပြပေးထားပါတယ်။ အောက်ပါပုံကို ကြည့်ပါ။


    Listerine အာလုပ်ကျင်းရည် တံဆိပ်ရဲ့ ထုတ်ကုန်ပိုးသတ်ဆေးတွေက COVID-19 ရောဂါပိုးကို သတ်နိုင်သလားလို့ ဆိုရာမှာ Listerine အာလုပ်ကျင်းရည်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ခြင်း ရှိမရှိ စမ်းသပ်ထားခြင်း မရှိသေးပါလို့ ဖော်ပြထားပါတယ်။ နောက်ထပ် LISTERINE ပိုးသတ်ဆေးရည်နဲ့ အာလုပ်ကျင်းတာက COVID-19 Virus ကိုသေစေနိုင်သလားလို့ ဆိုရာမှာလည်း ဒီဆေးရည်ဟာ နေ့စဉ်သုံးလို့ရတဲ့ ဆေးရည်သာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ခြင်း ရှိမရှိ စမ်းသပ်ထားခြင်း မရှိကြောင်းနဲ့ ဝယ်ယူသုံးစွဲသူများအနေနဲ့ လက်များကိုမကြာခဏဆေးကြောခြင်း၊ လူမှုအကွာအဝေးကိုထိန်းသိမ်းခြင်း၊ မျက်လုံး နှာခေါင်းနဲ့ ပါးစပ်တွေကို မထိမကိုင်းခြင်းစတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားတဲ့ ကြိုတင်ကာကွယ်မှုနည်းများကိုသာ လိုက်နာသင့်ကြောင်း ဖေါ်ပြထားပါတယ်။ Listerine ဝဘ်ဆိုက်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အထက်ပါဖော်ပြခဲ့တဲ့ အချက်တွေကိုကြည့်ရင် အခုလူမှုကွန်ယက်ပေါ်မှာ ကြေငြာနေတဲ့ ခံတွင်းဆေးရည်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်တယ် မနိုင်ဘူးဆိုတာ မသိရှိသေးကြောင်းနဲ့ သုတေသနပြုလုပ်ဆဲ အဆင့်မှာသာ ရှိသေးကြောင်း သိရှိနိုင်ပါတယ်။ စာရှု့သူများအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားတဲ့ ကြိုတင်ကာကွယ်မှု နည်းများကိုသာ လိုက်နာသင့်ပါတယ်။

    Tags

    MouthwashCOVID-19PREDICTIONGarglingReport
    Read Full Article
    Claim :   အာလုပ်ကျင်းရည်နဲ့ ခံတွင်းဆေးခြင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်တဲ့ အလားအလာရှိကြောင်း ထုတ်ပြန်ထားတဲ့ သုတေသနစာတမ်းကို ပြင်ဆင်ကာ ရောဂါကာကွယ်နိုင်တယ်လို့ ရေးသားဖြန့်ဝေနေမှုတွေကို BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!