သတင်းအတု

ကျော်မျိုးမင်းက မင်းအောင်လှိုင်ကို စကားလုံးကြမ်းကြမ်းတွေနဲ့ဝေဖန်သယောင်ဖြန့်ဝေတဲ့ အကြောင်းအရာ

စစ်တပ်ထောက်ခံပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖေစ့်ဘွတ်ပေါ်ကနေ live လွှင့် ဝေဖန်ပြောဆိုလေ့ရှိတဲ့ ကျော်မျိုးမင်း ဆိုသူက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆိုးဆိုးရွားရွားစကားလုံးတွေနဲ့တိုက်ခိုက်သယောင်ဖြန့်ဝေတဲ့အကြောင်းအရာတွေကို ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုကဝေမျှလာပါတယ်။

By - Boom Live Myanmar | 19 Dec 2023 11:50 AM IST

ကျော်မျိုးမင်းက မင်းအောင်လှိုင်ကို စကားလုံးကြမ်းကြမ်းတွေနဲ့ဝေဖန်သယောင်ဖြန့်ဝေတဲ့ အကြောင်းအရာ

Cele Star ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ စစ်တပ်လော်ဘီ ကျော်မျိုးမင်းရဲ့ ဖေစ့်ဘွတ် live ဗီဒီယိုတွေကို ကူးယူကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆိုးဆိုးရွားရွား ဝေဖန်နေသယောင် ခေါင်းစဉ်တွေ ရေးသားပြီး ပြန်လည်ဖြန့်ဝေနေတာတွေ ရှိနေပါတယ်။

Cele Star ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို live လုပ်ထားသူ တစ်ထောင်ကျော်လောက်သာ ရှိပေမယ့် follower နှစ်သောင်းနှစ်ထောင်ကျော် ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကျော်မျိုးမင်းရဲ့ live ဗီဒီယို တစ်စိတ်တစ်ပိုင်းနဲ့အတူ 'မင်းအောင်လှိုင်ကိုလဲ S ဂရုမစိုက်ဘူး။ သူမကောင်းလို့ တိုင်းပြည်ပျက်စီးရတာဆိုတဲ့ ကျော်မျိုးမင်း' ၊ 'အခုတော့ အဘ မင်းအောင်လှိုင် ပြန်ခံရတော့အချိန်ရောက်လာပြီလို့ ပေါက်ကွဲနေတဲ့ကျော်မျိုးမင်း' ၊ 'လောက်ကိုင်မြို့အသိမ်းခံရတော့မယ် မင်းအောင်လှိုင် မထိန်းနိုင်တော့ဘူးလို့ ကျော်မျိုးမင်း ပြော' စတဲ့ စစ်ခေါင်းဆောင်ကို ဝေဖန်တယ်ဆိုတဲ့ အကြောင်းရာ အမျိုးမျိုး ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖေစ့်ဘွတ်ပေချ့်က ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မူရင်းပြောဆိုထားတဲ့အကြောင်းအရာတွေမှာမပါဝင်တဲ့ ခေါင်းစဉ်အလွဲတွေနဲ့ဖြန့်ဝေနေတာတေွ့ရပါတယ်။

ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်တွေဟာ စစ်တပ်ထောက်ခံသူ ကျော်မျိုးမင်းဆိုသူရဲ့ ဖေစ့်ဘွတ်ပေါ်ကနေ live လွှင့် ဝေဖန်ပြောဆိုထားတဲ့ ဗီဒီယိုအစိတ်အပိုင်းတွေကို လူစိတ်ဝင်စားမယ့် ခေါင်းစဉ်တလွဲတွေ တပ်ကာ ဖြန့်ဝေနေတာပါ။

စစ်တပ်ထောက်ခံသူ ကျော်မျိုးမင်းရဲ့ live တွေမှာ စစ်တပ်ကို ဝေဖန်တာတွေ ရှိပေမယ့် အခုဖြန့်ဝေနေသလို စစ်ခေါင်းဆောင်ကို ရင့်ရင့်သီးသီး ဝေဖန်ပြောဆိုတာမျိုးတော့မလုပ်ရဲပါဘူး။

အခုဖြန့်ဝေနေတဲ့ ဗီဒီယိုအပိုင်းတွေထဲမှာလည်း ခေါင်းစဉ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေ မပါဝင်ပါဘူး။

သူ့ရဲ့ live အများစုမှာ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဝေဖန်တာတွေ၊ တိုက်ပွဲသတင်းတွေမှာ စစ်တပ်ဘက်က ကာကွယ်ပြောဆိုမှုတွေနဲ့ ရံဖန်ရံခါ စစ်တပ်အပေါ် အားမလို အားမရဖြစ်နေတဲ့ စစ်တပ်ထောက်ခံသူတွေ ကြိုက်နှစ်သက်မယ့် ပြန်လည်ဝေဖန် ပြောဆိုတာမျိုးတွေ လုပ်လေ့ရှိတာ တွေ့ရပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

Tags:

Related Stories