ဒီအကြောင်းအရာကို MN cele ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ၆ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြန်မာ တပ်ချုပ်အသစ် အာဏာလွှဲ ပြေးပြီ။ ဗိုလ်ချုပ်ကျော်စွာလင်းကို အာဏာအပ်ပြီး ရုရှားကို ဆေးကုမယ် လိမ်ပြီး မင်းအောင်လှိုင်နဲ့ မိန်းမ ပြေးပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကျော်စွာလင်းကို အာဏာလွှဲပြီး ရုရှားပြေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Myanmar Now သတင်းဌာနမှာ ဇူလိုင် ၃၁ ရက်နေ့က ဖော်ပြထားတဲ့ 'ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် သမ္မတလုပ်ပြီး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို တပ်ချုပ်ပေးမယ်' ဆိုတဲ့ သတင်းကို အခြေခံပြီး မိမိစိတ်ကူးနဲ့ AI နည်းပညာသုံး ဓါတ်ပုံတွေ ဖန်တီးပြီး နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက ပြုလုပ်တဲ့ ကာလုံအစည်းအဝေးပြီးမှာ စစ်ကောင်စီကို ဖျက်သိမ်းပြီး ‘နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်’ ဆိုတဲ့ စစ်ကော်မရှင်ကို ဖွဲ့စည်းလိုက်ပေမယ့် အမြင့်ဆုံးအာဏာပိုင်နေရာတွေကိုတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့က ဆက်လက်ရယူထားကြောင်း၊ မင်းအောင်လှိုင်ဟာ ‘ယာယီသမ္မတ’ ဆိုတဲ့ရာထူးကို သူ့ကိုယ်သူ ပြန်ခန့်ထားကာ စစ်ကော်မရှင် ဒုဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ပေးထားပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အတွင်းရေးမှူး ဖြစ်လာကြောင်း၊ တပ်ချုပ်အသစ် ဖြစ်လာဖို့ တစ်ပြေးနေတဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို စစ်ကော်မရှင်အဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမယ့် အစိုးရအဖွဲ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတလုပ်ပြီး ကျော်စွာလင်းက သေချာပေါက် တပ်ချုပ်အသစ် ဖြစ်လာလိမ့်မယ်လို့ နေပြည်တော်က စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြားကြောင်းတွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ နေပြည်တော်က စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ခန့်မှန်းပြောဆိုမှုကိုသာ ရေးသားဖော်ပြထားတာ ဖြစ်ပြီး လက်ရှိမှာ စစ်ခေါင်းဆောင်က ဘယ်သူ့ကိုမှ တပ်ချုပ်အာဏာလွှဲပေးထားတာ မရှိသေးပါဘူး။
Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



