သတင်းအတု

ဗီဒီယိုဖိုင်အဟောင်းကို အသုံးပြုကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို သတင်းအမှားဖြင့်တိုက်ခိုက်

ကျားဖြူတပ်ခွဲ (၅) တာဝန်ခံ ခေါင်းဆောင် ကိုဇွဲရဲ့ ဖေစ့်ဘွတ် live ဗီဒီယိုအဟောင်းကို အသုံးပြုပြီး ပြည်သူတွေဆီက အလှူခံနေသယောင် ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 26 April 2024 10:47 AM IST

ဗီဒီယိုဖိုင်အဟောင်းကို အသုံးပြုကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို သတင်းအမှားဖြင့်တိုက်ခိုက်

ဒီအကြောင်းအရာကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဝေဖန်တိုက်ခိုက်နေတဲ့ 'ငှက်ကုလားအုတ် အလိုမရှိ' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကျားဖြူတပ်ခွဲ (၅) တာဝန်ခံ ခေါင်းဆောင် ကိုဇွဲရဲ့ ဖေစ့်ဘွတ် live ကို reaction လုပ်ထားတဲ့ ဗီဒီယိုအဟောင်းတစ်ခုကို အသုံးပြုကာ 'ငဇွဲခွက်ခေါက်နေပြီ ၃နစ်ရှိပြီ အကြောင်းအမျိုးမျိုးပြပြီး ခွက်ခေါက်လာတာ ..ငါတို့ပြည်သူတွေကတော့ အဆိပ်ပင်ကို ရေမလောင်းဘူးနော်သိဖို့' လို့ ရေးသားဖြန့်ဝေနေတာပါ။

live ဗီဒီယိုထဲမှာ ကိုဇွဲက ဒရုန်းဘထ္ထရီ ရှော့ဖြစ်တာက စပြီး Drop Bomb ထုတ်လုပ်တဲ့ နေရာတစ်ခု ထိခိုက်ပေါက်ကွဲပြီ ဒရုန်း ဂိုဒေါင် တစ်ခုလည်း ပျက်စီးသွားတဲ့ အကြောင်းနဲ့ ရန်ပုံငွေ ထောက်ပံ့ပေးဖို့ ဖိတ်ခေါ်တဲ့အကြောင်းတွေ ပြောထားတာပါ။

ရေးသားဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ စစ်ကောင်စီလော်ဘီတွေက ကိုဇွဲရဲ့ ဖေစ့်ဘွတ် live ဗီဒီယိုအဟောင်းကို အသုံးပြုပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

အခုဖြန့်ဝေထားတဲ့ reaction ဗီဒီယိုကို John Siam ဆိုတဲ့ Youtube ချန်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ တင်ထားတာ ဖြစ်ပြီး စစ်တပ်လော်ဘီတွေကို ကူးယူဖြန့်ဝေနေတာ ဖြစ်ပါတယ်။


John Siam ဆိုတဲ့ Youtube ချန်နယ်မှာ တင်ထားတဲ့ reaction ဗီဒီယိုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

မူရင်း ဖေစ့်ဘွတ် live ကို ကိုဇွဲက သူ့ရဲ့ ဖေစ့်ဘွတ်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories