ဒီအကြောင်းအရာကို Zaw Tun ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဩဂုတ် ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ အစည်းအဝေးခန်း တစ်ခန်းထဲက လူတစ်စု စကားများ ရန်ဖြစ်နေတဲ့ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင်စစ်ကော်မရှင်မှ ရွေးကောက်ပွဲတောင်မစရသေးဘူး စားခွက်လုနေကြပြီ' လို့ ရေးသားထား တာပါ။
ဗီဒီယိုထဲမှာတော့ ယောက်ျား၊ မိန်းမ ၁၅ ဦးထက် မနည်းရှိတဲ့ အစည်းဝေးခန်းထဲမှာ အပြန်အလှန် အော်ဟစ် ရန်ဖြစ်နေပြီး အချို့က လိုက်လံဖြန်ဖျေနေတာလည်း တွေ့ရပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကော်မရှင် အစည်းအဝေးမှာ ရန်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသား ဖြန့်ဝေထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုထဲမှာ တွေ့ရတဲ့ ပုံရိပ်တွေနဲ့ ပြောစကားတွေအရ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) ရဲ့ သုံးလပတ် အစည်းအဝေးအတွင်း ရန်ဖြစ်တဲ့ ဗီဒီယိုဖိုင်ဖြစ်တယ်လို့ သိရပါတယ်။
ဗီဒီယိုရဲ့ နောက်ဆုံးပိုင်းမှာလည်း လူတစ်ဦးက စကားများ ရန်ပွဲကို အဆုံးသတ်ဖို့ မိုက်ကရိုဖုန်းကိုင်ပြီး စကားပြောဆိုနေတာ တွေ့ရပြီး သူ့ရဲ့ စကားတွေထဲမှာ ‘သုံးလပတ် အစည်းအဝေး တက်တဲ့သူတွေဟာလည်း ဖိတ်စာနဲ့ ဖိတ်လို့ တက်တာ။ ဒီလိုဖြစ်လာလို့ရှိရင် ဝိုင်းဝန်းထိမ်းသိမ်း ပြီးမှ ကျွန်တော်တို့ အိမ်၊ ခြံ၊ မြေအသင်းကြီးဟာ သူများလေးစားသော အသင်း၊ သူများ respect ပေးသော အသင်းကြီး ဖြစ်အောင် ဝိုင်းဝန်းဆွေးနွေးကြမယ်ဆိုပြီးမှ လာတာ’ ဆိုတဲ့ ပြောဆိုမှုတွေကို ကြားရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး MRESA ဖေစ့်ဘွတ်ပေချ့်မှာ မှတ်ချက်ရေးသူ အချို့ကိုလည်း တွေ့ရပါတယ်။
ဒီအကြောင်းအရာဟာမူရင်းပို့စ်မှာဖြန့်ဝေသလို စစ်ကော်မရှင်ရဲ့အစိုးရဌာနအစည်းအဝေးမဟုတ်ပဲ အိမ်ခြံမြေအသင်းကလုပ်ငန်းရှင်တွေအစည်းအဝေးမှာဖြစ်ပွားခဲ့တာသာဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။