ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် အာဏာသိမ်းကြံစည်မှုဖြစ်ပွား။ ခြောက်လုံးတန်းရှိ စစ်ဗိုလ်ချုပ်ဟောင်း (၃) ဦး ဖမ်းဆီးခံရ။ နေပြည်တော် ပွက်လောရိုက်နေပြီ' ဆိုတဲ့ဗခါင်းစဉ်နဲ့ရေးသားဖြန့်ဝေတာဖြစ်ပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာဟာ ဧရာဝတီ သတင်းဌာနမှာ ဧပြီလ ၂၁ ရက်နေ့က ဖြန့်ဝေထားတဲ့ ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ” ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးထဲမှာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်တဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ နေထိုင်တဲ့ အိမ်ရာအကြောင်းနဲ့ နိုင်ငံရေး ဆက်စပ်ပုံတွေကို ရေးသားထားတာပါ။ဒီဆောင်းပါးထဲမှာ နေပြည်တော်မှာ အာဏာသိမ်းကြံစည်မှု ဖြစ်ပွားတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့မူရင်းဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။