သတင်းအတု

စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း လက်မှတ်ထိုးတယ်ဆိုတဲ့ သတင်းအမှား

အကြမ်းဖက် စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 12 Oct 2024 9:12 PM IST

စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း လက်မှတ်ထိုးတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အကြမ်းဖက် စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဟေ့။ အမေရိကန် သံအမတ်ကြီး အမိန့်ဆိုးကြီး ထုတ်ပြန်' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်နဲ့ ထိုင်း လက်မှတ်ထိုးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ အောက်တိုဘာ ၃ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ခံမှု ရှိစေရေး အမေရိကန်သံအမတ်ကြီး ထိုင်းနိုင်ငံသို့ လာရောက် ဆွေးနွေးမည်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တရားမျှတမှု ရရှိရေးနဲ့တာဝန်ခံမှု ရှိစေရေးအတွက် အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုများအတွက် တရားမျှတမှု ဆိုင်ရာ အကြီးတန်းသံအမတ်ကြီး ထိုင်းနိုင်ငံသို့ လာရောက် ဆွေးနွေးမှာ ဖြစ်ကြောင်း၊ အမေရိကန် အကြီးတန်း သံအမတ်ကြီး Beth Van Schaack ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ကာ ထိုင်းအစိုးရ အဖွဲ့ဝင်တွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေးကို ဆွေးနွေးမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories