ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံအားပေးတဲ့ Lamin Taman ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး အခြားဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် စက္ကန့် ၃၀ နီးပါးရှိတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ အမျိုးသားကြီးတစ်ဦးတို့ ဒရုန်းဗုံးသီးကို ကိုင်ပြီး နောက်ပြောင်နေရာက ဗုံးသီးထကွဲတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အဖွားကြီး သူ့စရိတ်သူသွားပြီ' လို့ ရေးသားဖြန့်ဝေထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်အတု ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။
အောက်ပါ ဗီဒီယိုဖရိန်ကို ကြည့်ရင် ရှေ့ပိုင်း ၁၈ စက္ကန့်အထိ အမျိုးသမီးကြီးရဲ့ နောက်မှာ တဲအချို့နဲ့ အစိမ်းရောင် အခင်းပေါ်က ပစ္စည်းအချို့ မပါရှိသေးပေမယ့် ဗီဒီယိုရဲ့ နောက်ဆုံးပိုင်းမှာ ပစ္စည်းအချို့နဲ့ တဲ ၂ လုံး ပေါ်လာတာ တွေ့ရပါတယ်။
ဒါ့အပြင် ဗီဒီယိုရှေ့ပိုင်း စက္ကန့် ၂၀ အထိ ပြောစကားတွေနဲ့ နောက်ခံအသံတွေ သဘာဝကျ ပေမယ့် မပြီးမီ စက္ကန့်ပိုင်းအလိုမှာ အသံတွေရပ်သွားပြီး ပေါက်ကွဲသံထွက်ပေါ်လာတာကလည်း တမင်ဖန်တီးထားမှန်း သိသာပါတယ်။
အမှန်တော့ ဒီဗီဒီယိုကလစ်ကို စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ချိဖို့ သက်သက် တမင်လုပ်ကြံ ဖြန့်ဝေထားတာ ဖြစ်ပေမယ့် AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင် ဖြစ်မှန်း သိသာနေပါတယ်။