သတင်းအတု

သမ္မတဦးဝင်းမြင့် သေဆုံးသွားပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီထံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့် သေဆုံးသွားပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 24 Nov 2024 9:08 PM IST

သမ္မတဦးဝင်းမြင့် သေဆုံးသွားပြီဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

အဆိုပါ Video ရဲ့ နောက်ခံမှာ သမ္မတဦးဝင်းမြင့်ရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့် အသက်မရှိတော့ဘူးဟု MRTV ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၂၂၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သမ္မတဦးဝင်းမြင့် သေဆုံးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ တောင်ငူကျဉ်းထောင်ထဲမှာပဲ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ပြီး သေဆုံးသွားခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories