သတင်းအတု

မင်အောင်လှိုင် သမ္မတရာထူးက နုတ်ထွက်သွားပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူးက နုတ်ထွက်သွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 19 Oct 2024 9:39 PM IST

မင်အောင်လှိုင် သမ္မတရာထူးက နုတ်ထွက်သွားပြီဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “သီတင်းကျွတ်လပြည့်နေ့မှာ ထူးပြီ။ ယာယီသမ္မတရာထူးမှ ရာသက်ပန် နှုတ်ထွက်ပြီး အာဏာပြန်လွဲတော့မည်ဟု မအလကြေညာ”” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူးက နုတ်ထွက်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ သမ္မတရာထူးက နုတ်ထွက်သွားခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories