သတင်းအတု

AA စစ်ဦးစီးချုပ်ကို ICC က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု

အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ICC က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Jan 2025 10:27 PM IST

AA စစ်ဦးစီးချုပ်ကို ICC က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ AA စစ်ဦးစီးချုပ်ရဲ့ ဓါတ်ပုံရယ်၊ ဖမ်းမိထားတဲ့ သုံ့ပန်းတွေ ပါဝင်တဲ့ ဓါတ်ပုံရယ်၊ နိုင်ငံတကာက ခေါင်းဆောင်တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ဖက်စစ်ထက်ဆိုးတဲ့ AA စစ်သုံးပန်း အားလုံးကို လည်လှီးသတ်လိုက်လို့ ထွန်းမြတ်နိုင်ကို ICC ဖမ်းဝရမ်းထုတ်လိုက်ပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ICC က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

မည်သည့်အဖွဲ့ကမှ AA စစ်ဦးစီးချုပ်ကို ဖမ်းဝရမ်းထုတ်ခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories